ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မ ရဲစခန်းမှူး လက်နက်စွန့်ခွာ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 925

အေးမြတ်ခိုင်

နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူး စန်းညွန့်(ကိုယ်ပိုင်အမှတ်-၇၄၂၉)သည် ဧပြီလ ၃ရက်နေ့တွင် လက်နက်စွန့်ခွာ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

စခန်းမှူး စန်းညွန့်သည် မအီမြို့ဇာတိ ဖြစ်ပြီး ယမန်နေ့ နံနက် ၈ နာရီခန့်တွင် လက်နက်တစ်စုံတစ်ရာ ယူဆောင်သွား‌ခြင်းမရှိဘဲ စခန်းမှထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့က မနက် ၈ နာရီလောက်ကတည်းက ပြေးသွားတာပါ။ လက်နက်‌တွေလည်း ဘာမှမယူသွားဘူး။ သူက အေးဆေးသမားပါ။ တခြား အထွေအထူးပြဿနာမျိုး ရှိမယ့် လူစားမျိုးတော့မဟုတ်ပါဘူး။ စခန်းမှာ ခရိုင်မှူးနဲ့ အဆင်မပြေမှုတွေတော့ရှိတာပေါ့။ အဲ့ဒါကြောင့်လို့ပဲ အားလုံးက ထင်ကြပါတယ်" ဟု ပြောသည်။

စခန်းမှူး ထွက်ပြေးသွားသည်ကို သိပြီးနောက် တောင်ကုတ်မြို့ အဝင်အထွက်ဂိတ်များ နှင့် မြို့အနှံ့လိုက်လံရှာဖွေခဲ့သော်လည်း ရှာမတွေ့ခဲ့‌ကြောင်း သိရသည်။ 

စခန်းမှူး ထွက်ပြေးသွားပြီးနောက် စခန်းတွင် ခရိုင်ရဲမှူးကြီး ကျော်ဇင်သန့်က သတိပေး ခြိမ်းခြောက်မှုများရှိနေသည်ဟု သူက ဆက်ပြောသည်။

"မင်းတို့လည်း ကြပ်ကြပ်သတိထားဆိုပြီး ပြောတယ်"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တောင်ကုတ်ခရိုင်ရဲမှူး ကျော်ဇင်သန့်သည် စစ်ဘက်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး စခန်းမှူးအပါအဝင် ရဲဝန်ထမ်းများကို ဖိနှိမ်ဆက်ဆံတတ်သူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးမှူများ ရှိခဲ့ပြီး အလုပ်ထွက်ရန် ပြင်ဆင်နေသူများ လည်း ရှိကြောင်း သိရသည်။


ဆက်စပ် သတင်းများ