တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် နေ့တိုင်း ဖြစ်ပွားလျက်ရှိနေကြောင်း ရက္ခိုင့်တပ်တော်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 351

(ဘူးသီတောင် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာနှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေ)

နိရဉ္စရာ၊ ဧပြီ ၄/၂၀၂၄

ရခိုင်ပြည်တွင် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်လိုက်ပြီး အဓိက ဘူးသီတောင် ခမရ (၅၆၄) တပ်ရင်း ဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာနှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဖော်ပြသည်။

ရခိုင်ပြည်တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ(၃) ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က အောက်ပါအတိုင်း ထုတ်ပြန်သည်။
----------------
ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၃) ရက်

ရက္ခိုင်ဒေသအတွင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများသည် ယနေ့အထိ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ နေ့တိုင်း ဖြစ်ပွားလျက်ရှိသည်။
ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီ ၏ စခန်းများမှာ ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ဖြစ်ကြသည်။

မိမိတို့သည် ဤစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ ရက္ခိုင့်တပ်တော် သည် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထို့အတူ ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊စညှင်းကျေးရွာအရှေ့ဖက်မီတာ(၁၅၀၀)ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့်(၂၅၇)စခန်း အား၂၀၂၄ ခုနှစ်၊ ဧပြီလ(၂) ရက်၊ နံနက်(၆) နာရီ (၂၀)မိနစ် မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် ဒုတိယနေ့ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဤစခန်းသည် ရန်သူ၏ ရှေ့တန်းအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ်(၃) စခန်းဖြစ်သည်။ ရန်သူသည် လေကြောင်းပစ်ကူများကို အသုံးပြုပြီးအသည်းအသန် ခုခံကာကွယ်နေသကဲ့သို့မိမိတို့ဖက်မှလည်း ထိုးစစ်အား တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်လျက်ရှိသောကြောင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်။

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲများအဖြစ် မတ်လ(၃၁) ရက်နေ့၊ ညနေ(၃) နာရီ (၀၅) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် (၁.၄) ကီလိုမီတာအကွာအဝေးရှိ တောင် ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ရက္ခိုင့်တပ်တော်တို့သည် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဖက်မှ မျက်မြင်(၄) ဦး သေဆုံးခဲ့သည်။
ရက္ခိုင်ဒေသ၌ အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် ပြည်သူကိုပစ်မှတ်ထားလျက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ ည (၈) နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မူလတန်းလွန် စာသင်ကျောင်းအား ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မူလတန်းလွန်စာသင်ကျောင်း နှင့် လူနေအိမ် (၄) လုံး ပျက်စီးသွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ ညနေ (၅)နာရီ (၁၆) မိနစ်နှင့် (၂၇)မိနစ် အတွင်း၌လည်း မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သာ(၃)ဦးသေဆုံးပြီး၊ ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် နှစ်လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ဆက်စပ် သတင်းများ