ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များအားလုံး ဝိုင်းရန်ပိတ်ဆို့ခံထားရပြီး ရက္ခိုင့်တပ်တော်မှ တပ်ရင်းတစ်ခုပြီး တစ်ခု ထိုးစစ်ဆင်သိမ်းပိုက်နေ



ဆောင်းဦးမာန်၊ နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄

ရက္ခိုင့်တပ်တော် (AA) မှ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များအားလုံးကို ဝိုင်းရန်ပိတ်ဆို့ထားပြီး တပ်ရင်းတစ်ခုပြီး တစ်ခု AAက ထိုးစစ်ဆင်သိမ်းပိုက်နေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) စခန်းအား စစ်ကောင်စီ တပ်မှ  ကြည်း၊ လေ ပူးပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး နောက်ထပ် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ဧပြီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဧပြီလ ၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်ဒေသခံတစ်ဦးက “တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဘူးသီးတောင်မြို့မှာ အခြေစိုက်ထားတဲ့ တပ်ရင်းတွေက ထွက်ပေါက်မရှိတော့ဘူး။ မေယုမြစ်အတိုင်း စစ်ကူလာလို့လည်း မရတော့သလို ဒီကစစ်တပ် တပ်ရင်းတွေကလည်း မေယုမြစ်ရေလမ်းကြောင်းအတိုင်းထွက်လို့ မရတော့ဘူး။ မောင်တောဘက်ကနေ ထွက်မယ်ဆိုရင်လည်း ကားလမ်းကို ပိတ်ဆို့ထားသလို မောင်တောမှာလည်း တိုက်ပွဲဖြစ်နေတဲ့အတွက် အဲဒီဘက်ကို ထွက်ဖို့မလွယ်တော့ဘူး”ဟု​ ပြောဆိုသည်။

လက်ရှိတွင် လေကြောင်းပစ်ကူမှုမှ အပ တစ်ခြားစစ်ကူမရှိတော့သလို ဘူးသီးတောင်အခြေစိုက်တပ်ရင်းများအားလုံးမှာ ပိတ်ဆို့ခံထားရပြီဟု သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ခမရ (၅၅၂) အပါအဝင် တောင်ဘဇားစခန်းအပါအဝင် မြိုနယ်မြောက်ပိုင်းရှိ စစ်စခန်းများ၊ တောင်ပိုင်းရှိ နွားရုံတောင်၊ စစ်ဂိုထောင် သုံးဆယ့်တစ်ဘုံဘုရားရှိ ဗျုဟာစခန်း၊ စစ်ရေးအရ အရေးပါသော စိုင်းတင်တံတားနှင့် စိုင်းတင်စစ်စခန်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ပြီးနောက် လက်ရှိ တိုက်ခိုက်ခံနေရသည့်  ခမရ (၅၆၄) တပ်ရင်းဌာနချုပ်မှာလည်း များမကြာမီ အေအေက သိမ်းပိုက်နိုင်ခြေရှိနေသည်ဟု ဆိုသည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းကြီးများအား အဓိကပစ်မှတ်ထား၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းကြီး၊ စခန်းငယ်များအားလည်း အပြီးသတ်သိမ်းပိုက် ရယူရန်အတွက် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘူးသီးတောင်မြို့တွင် စကခ(၁၅) လက်အောက်ခံ (ခြေမြန်တပ်ရင်း) ခမရ (၃၄၅)၊ ခမရ(၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ(၅၅၁)၊ ခမရ (၅၅၂)၊ ခမရ(၅၆၄)၊ ခမရ (၅၆၅)နှင့် ဒကစ (စစ်တွေ) မှ (ခြေလျင်တပ်ရင်း) ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၃၆)၊ အပါအဝင် (အမြောက်တပ်) အမတ (၃၇၈)၊ နယ်ခြားစောင့်စခန်း) နခခ ၃၊ နခခ ၈ တို့ တည်ရှိကြောင်း သတင်း အချက်အလက်များအရသိရသည်။

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသတွင်းရှိ ရန်သူ့လက်ကျန်စစ်စခန်းများကို တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း  သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခမရ (၅၅၂) စခန်းအား ရန်သူ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး  လက်နက်ခဲယမ်း၊ ရန်သူ့အလောင်း များနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့ကြောင်း၊  ထို့အတူ ထွက်ပြေးလွတ်မြောက်နေသေးသည့် ရန်သူ့တပ်ဖွဲ့ဝင်များကိုလည်း မိမိတို့မှ လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ်နှင့် ဆက်စပ်နေသည့် မောင်တောမြို့နယ်မှ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းမှ အင်အားအကြီးဆုံး ကြိမ်ချောင်းနယ်ခြားစောင့် စခန်း၏ အစိတ်ပိုင်းများစွာကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် ပင်မစခန်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ရက္ခိုင့်တပ်တော်သည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့အား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။ 

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင် ရေးအတွက် ထိုးစစ်အရှိန်ကို တစ်ဆင့်ပြီးတစ်ဆင့်မြှင့်ကာ တိုက်ခိုက်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားနှင့် မရပ်မနားအသည်းအသန် ခုခံလျက်ရှိသည်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

လက်ရှိမြေပြင်အနေထားတွင် မောင်တောမြို့နယ်မှ စစ်ကောင်စီ တပ်သားများ လက်နက်ချအညံ့ခံမှုများရှိသကဲ့သို့ တစ်ဖက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံမှုအများအပြားရှိနေသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်စခန်းအပါအဝင် ရခိုင်ပြည်အတွင်းမှ စစ်ကောင်စီတပ် အမြောက်အများအား ရက္ခိုင့်တပ်တော်မှ လက်နက်ချရန် သတိပေးစာပို့ထားပြီး လက်နက်ချ အညံ့မခံသော တပ်စခန်းများအားလုံးကို သိမ်းပိုက်ရရှိရေးကြိုးစားနေကြောင်း ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်ထားသည်။

လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများအား ရက္ခိုင့်တပ်တော်မှ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။

 ၁၀၂၇ စစ်ဆင်ရေး ၄ လကျော်အတွင်း ရက္ခိုင့်တပ်တော်က ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီ ဖြစ်သည်။

ဆက်စပ် သတင်းများ