ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူ စုစုပေါင်း ၁၅၇,၀၀၀ ရှိသွားပြီဟု ကုလသမဂ္ဂ OCHA ရုံးက ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 400

လူထက်နိုင်(ဒွာရာမြီ)/ နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်  စစ်ကောင်စီတပ်တို့ကြား စစ်ရေးပဋိပက္ခများ ပိုမို ပြင်းထန် လာနေသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၁၅၇,၀၀၀ ကျော် ရှိသွားပြီဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံက UNOCA က ထုတ်ပြန်သည်။ 

ထို့အပြင် အပူပြင်းဆုံးရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် ရခိုင်ပြည်နယ်မှ အိုးအိမ်စွန့်ခွာရသူ များသည် သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ရင်ဆိုင်နေရပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

UN OCHA  က ဧပြီ ၄ ရက်နေ့ ၌  အာရှနှင့်ပစိဖိတ်ဒေသ၏ အပတ်စဉ် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေများ အကျဉ်းချုပ်ကို ထုတ်ပြန်ရာတွင်  ရခိုင်ပြည် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီးလည်း ထည့်သွင်းထုတ်ပြန်လာခြင်းဖြစ်သည်။ 

 

အဆိုပါထုတ်ပြန်ချက် အကျဉ်းချုပ်မှာ မတ်လ ၂၆ရက်နေ့မှ ဧပြီ ၁ ရက်နေ့အထိဖြစ်သည်ဟု သိရသည်။





ရခိုင်ပြည်နယ်တွင် မြန်မာစစ်ကောက်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

“ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၅၇,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ ပေါက်ကွဲစေတတ် တဲ့စစ်လက်နက်အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကလည်း အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေး အတွက် ကြီးမားတဲ့အန္တရာယ် ဖြစ်နေပါတယ်” ဟု United Nations OCHA Myanmar  မှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်း တပ်ဖွဲ့များကြား ဖြစ်ပွားနေသည့်တိုက်ပွဲသည် မိုးမောက်မြို့နယ်တွင် ပြီးခဲ့သည့်သတ္တပတ်တွင် ပြင်းထန်လာခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

“ ပြင်းထန်တဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လွယ်ဂျယ်မြို့က နေရပ်စွန့်ခွာရဆဲ ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘေးကင်းရာနေရာအသစ်ကို ထပ်မံတိမ်ရှောင်ခဲ့ရကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံအရှေ့တောင်ပိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ထိ တိုက်ပွဲတွေပြန့်နှံ့ လာခဲ့ပါတယ်။ လက်နက်ကြီး ထိမှန်ကျရောက်မှုကြောင့် ဓမ္မသကျေးရွာက အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့သလို လူပေါင်း ၁,၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရပါတယ်” ဟု United Nations OCHA Myanmar  မှ ထုတ်ပြန်ထားသည်။

 

အရပ်သားပြည်သူများအနေဖြင့် ဖြစ်ပွားဆဲ ပြင်းထန်သည့် ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် လူဦးရေ ၂ ဒသမ ၈သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရကြောင်းလည်း United Nations OCHA Myanmar  မှ ထုတ်ပြန်ထားသည်။

 

ဆက်စပ် သတင်းများ