Preview

ရခိုင်ပြည် တည်ငြိမ်ရေး ဝင်ရောက်စေ့စပ်ညှိနှိုင်းမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်ပြောဆို

ဧပြီ ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :3516
ရခိုင် သတင်း

လူထက်နိုင်(ဒွာရာမြီ)၊ 

နိရဉ္စရာ၊ ဧပြီ ၅ / ၂၀၂၄

 ရခိုင်ပြည် အမြန်ဆုံးတည်ငြိမ်ရေးအတွက် ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံက ပြောဆိုလိုက်ကြောင်း တရုတ်အစိုး၇ပိုင် CGTN သတင်းဌာနက ဧပြီလ ၅ ရက်နေ့ တွင်ဖော်ပြထားသည်။

 ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားအား ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Geng Shuang  က ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်းသိ၇သည်။

 ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်  တရုတ်နိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် Geng Shuang က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အသေးစိတ်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု CGTN  သတင်းကဆိုသည်။

“မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်းက ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပြီး လမ်းကြောင်းများစွာကတစ်ဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းနေပါတယ်” ဟု Geng က ပြောကြားခဲ့ကြောင်း CGTN  သတင်းတွင်ဖော်ပြထားသည်။

နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသည့် ပဋိပက္ခသည် မြန်မာ့ပြည်တွင်းရေးကိစ္စအဖြစ် Geng Shuang  က အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် မြန်မာ့အချုပ်အခြာအာဏာကို လေးစားရန်နှင့် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေစေရန်လည်း ကမ္ဘာ့အသိုင်းအဝိုင်းအား တိုက်တွန်းခဲ့ကြောင်းသိ၇သည်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ချစ်ကြည်ရင်းနှီးမှု မူဝါဒဟာ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် အကျုံးဝင်ပြီး ရခိုင်ပြည်နယ်တွင်း အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ရပ်ကို ဆက်လက် ပံ့ပိုးကူညီသွားပါ့မယ်”  ဟု Geng Shuang   က အတည်ပြု ပြောကြားခဲ့ကြောင်းသိ၇သည်။

ထို့အပြင် စေ့စပ်ညှိနှိုင်းရေးအတွက် လတ်တလော တရုတ်ကိုယ်စားလှယ်အဖွဲ့  မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းသည် ပဋိပက္ခကိုဖြေရှင်းရန် တရုတ်နိုင်ငံ၏ တက်ကြွစွာပါဝင်မှုအား ပြသနေကြောင်းလည်း Geng Shuang မှပြောဆိုခဲ့ကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.