တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရွာလုံးကျွတ် ထွက်ပြေးနေကြချိန် စစ်ကောင်စီတပ်သားများက ရွာသားများပိုင် စားနပ်ရိက္ခာနှင့် အိမ်မွေးတိရစ္တာန်များကို ခိုးယူစားသောက်နေကြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ လုံးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရွာသားများ ပိုင်ဆိုင်သည့် စားနပ်ရိက္ခာများနှင့် အိမ်မွေးတိရစ္ဆာန်များကို ခိုးယူစားသောက်နေကြကြောင်း သတင်းရရှိသည်။

အဆိုပါ လုံးကျေးရွာတွင် အမ်းအခြေစိုက်တပ်ရင်း ခမရ ၃၇၂ နှင့် ထောက်ပို့တပ်မှ စစ်သား ၁၀၀ခန့် တပ်စွဲထားသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေသည့်အချိန်တွင် ရွာသားများ၏ စားနပ်ရိက္ခာများနှင့် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်နေကြကြောင်း လုံးကျေးရွာသားတစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ရွာက ထောက်ပို့တပ်နဲ့တော်တော်နီးတယ်။ ရွာမှာ လွန်ခဲ့တဲ့ ၁၀ ရက်ကတည်းက စစ်သားတွေ ဝင်လာပြီး ရွာသားတွေကိုနှင်ထုတ်တယ်။ ပြီးတော့ သူတို့နေချင်သလိုနေ နေကြတယ်။ ရွာသားတွေရဲ့ ချွေးနည်းစာနဲ့ လုပ်ကိုင်စားသောက်ရတဲ့ ဆန်တွေ ဆီတွေ ကြက်၊ဝက်ပါမကျန် စားသောက်နေကြတာ။ သူတို့ဝင်လာတုန်းကဆိုရင် ရွာသားတွေကို သတ်တော့မယ့် အတိုင်းပဲ မောင်းထုတ်တာ” ဟုပြောသည်။

ကျေးရွာသားများမှာ စစ်ကောင်စီတပ်စွဲထားသည့်အတွက် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ကြသဖြင့် လက်ရှိတွင် စားနပ်ရိက္ခာများ ခက်ခဲနေကြရကြောင်း လုံးကျေးရွာမှ စစ်ဘေးရှောင်လာသူအိမ်ထောင်ရှင်ကလေးမိခင်တစ်ဦးက ပြောသည်။

“ ထွက်လာတုန်းက စားသောက်စရာတွေမပါလာဘူး။ အခု ဝယ်စားနေရတာတွေဈေးကြီးတော့ ပိုက်ဆံတွေလည်း မတတ်နိုင်တော့ဘူး။ ဆွေမျိုးရှိတဲ့သူက ဆွေမျိုးအိမ်မှာနေတယ်။ အများစုက ဘုန်းတော်ကြီးကျောင်းမှာ နေကြပါတယ်။ ပြီးတော့ရွာတွေမှာ တပ်စွဲထားပြီး ဒီလို စားသောက်နေတာတွေက မလုပ်သင့်ပါဘူး။ ကိုယ့်ရပ်ကိုယ့်အိမ်ကို စွန့်ခွာလာရတဲ့အတွက် စိတ်ထိခိုက်မိတယ် “ ဟုပြောသည်။

အမ်းတွင် အဆိုပါ ရွာလုံးကျွတ်ထွက်ပြေးနေသည့် လုံးကျေးရွာ၊ ဂယ်လောင်နှင့် ပြောင်သေကျေးရွာတို့အပါအဝင် အမ်းမြို့နယ်တစ်ခုလုံးတွင် လက်ရှိ စစ်ဘေးရှောင် ၇,ဝဝဝ ထောင်ခန့်ရှိနေကြောင်း လူမှုရေးအဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

အမ်းမြို့နယ်အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက်အမ်းနှင့် မကွေးတိုင်း ငဖဲမြို့နယ်ကို ဆက်သွယ်ထားသည့်  အမ်း-ပဒါန်း ကားလမ်းကို ဧပြီ ၂ ရက်နေ့မှစတင်၍ လုံခြုံရေးအရ AA မှ တရားဝင်ပိတ်ထားကြောင်း ပြည်သူများကို အသိပေးထားသည်။

ဆက်စပ် သတင်းများ