ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်တပ်အား လက်ခံထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ရိုက်နှက်ခံရ



ဆောင်းဦးမာန်၊ နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်အား လက်ခံထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ရိုက်နှက်ခံရသည်ဟု သိရသည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ခအုန်းမော်ကျေးရွာမှ ဦးညီစိုး ဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း နေရာယူတပ်စွဲခြင်း၊ ကင်းပုန်းဝပ်ခြင်းများကို ပူးပေါင်းဆောင်ရွက်နေသဖြင့် ဒေသခံများက အငြှိုးထားပြီး ရိုက်နှက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ခအုန်းမော်ကျေးရွာအတွင်း စစ်ကောင်စီမှ စခန်းချနေထိုင်ခြင်းနှင့် ကျေးရွာအတွင်း သွားလာလှုပ်ရှားမှုများလာခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်လျှက်ရှိရာ အုပ်ချုပ်ရေးမှူးတွင် တာဝန်ရှိသည်ဟု ယူဆပြီး ဧပြီလ ၂ ရက်နေ့တွင် လူတစ်စုက ရိုက်နှက်ကာ ထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောဆိုကြသည်။

“အခု ရခိုင်ပြည်မှာ တိုက်ပွဲကျယ်ပြန့်လာပြီးနောက်ပိုင်း မာန်အောင်မှာလည်း လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ အဲဒီအထဲမှာ ခအုန်းမော်ကျေးရွာမှာ စစ်တပ်က နေရာယူသွားလာလှုပ်ရှားမှု အများဆုံးလည်းဖြစ်တယ်။ အဲဒါကြောင့် ရိုက်ခံရတာဖြစ်နိုင်တယ်” ဟု မာန်အောင်ဒေသခံတစ်ဦးကပြောသည်။

မာန်အောင်မြို့နယ်တွင် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် ခအုန်းမော်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ပထမဆုံးရိုက်နှက်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ကြောင်း သိရသည်။

ခအုန်းမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီစိုးအား ရိုက်နှက်သွားသည့် လူတစ်စုအား ရဲတပ်ဖွဲ့က ရှာဖွေလျှက်ရှိပြီး ဧပြီလ ၅ ရက်နေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

ဆက်စပ် သတင်းများ