နိရဉ္စရာ၊ ဧပြီ ၅/၂၀၂၄
မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စဂျူလီဘိရှော့ပ် (Ms. Julie Bishop) ကို ခန့်အပ်ကြောင်း ယနေ့ မတ် ၅ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ထုတ်ပြန်ကြေညာသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် စင်္ကာပူနိုင်ငံသူနိုလင်းဟေဇာ တာဝန်က အနားယူသွားပြီးနောက် တစ်နှစ်နီးပါး အကြာတွင် ကုလအထူးသံတမန်အဖြစ် သူမအား ခန့်အပ်ခြင်းဖြစ်သည်။
မစ္စဂျူလီဘိရှော့ပ်သည်ကျယ်ပြန့်သော နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အကြီးတန်း ခေါင်းဆောင်မှုဆိုင်ရာအတွေ့အကြုံများစွာရှိသူ တစ်ဦးဖြစ်သည်ဟု ဆိုသည်။
သူမသည်သြစတြေးလျအစိုးရတွင် အဆင့်မြင့်ရာထူးများစွာကို ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် (၂၀၁၃-၂၀၁၈) တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် ပညာရေး၊သိပ္ပံနှင့် လေ့ကျင့်ရေး ကက်ဘိနက်ဝန်ကြီးနှင့် သက်ကြီးရွယ်အိုရေးရာဝန်ကြီးအဖြစ်ထမ်းဆောင်ခဲ့သည်ဟု ယူအန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သူမသည်ဩစတြေးလျပါလီမန်တွင် (၁၉၉၈-၂၀၁၉)တွင် အနှစ် (၂၀)တရားဝင်အသက်မွေးဝမ်းကြောင်းပြုခဲ့သူ တစ်ဦးဖြစ်သည်။
သူမ၏ အလုပ်သက်တမ်းတစ်လျှောက်လုံးတွင် မစ္စဂျူလီဘိရှော့ပ်သည်ဒေသတွင်းမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုကို အားကောင်းစေပြီး နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို စွမ်းဆောင်ခဲ့သူဖြစ်ကာ ပထမဆုံးသောပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေး သဘောတူစာချုပ်အပါအဝင် ဦးဆောင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။
မစ္စဂျူလီဘိရှော့ပ် လက်ရှိတွင် Australian NationalUniversity ၏အဓိပတိဖြစ်သည်။ သြစတြေးလျနိုင်ငံ၊Adelaide တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိထားသူဖြစ်ကြောင်း ကုလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။