ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄)တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 714

( စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ကျော်အား သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်း အများအပြားကို သိမ်းဆည်းရရှိမိ)

(  ခမရ ၅၅၂ တပ်ရင်းအား သိမ်းပိုက်ပြီး ၁၀ ရက်အကြာတွင် နောက်ထပ် တပ်ရင်းတစ်ခုအား သိမ်းပိုက်ခဲ့ခြင်းဖြစ်)

 

နိရဉ္စရာ၊ ဧပြီ၆/ ၂၀၂၄

 

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)က သတင်းထုတ်ပြန်သည်။

 

ထုတ်ပြန်ချက်ထဲတွင် “ ၎င်းစခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်၊ နံနက် (၈) နာရီအချိန်တွင် တပ်ရင်းဌာနချုပ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်”ဟု ဖော်ပြပါရှိသည်။  

 

ရန်သူ့အနေဖြင့် ၎င်းတို့၏ စစ်ရေးအရ အရေးပါသော ခမရ (၅၆၄) စခန်းအား ကြည်းတပ်၊ လေတပ်တို့ဖြင့် အသည်းအသန် ပူးပေါင်းခုခံကာကွယ်နေခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အား မည်သို့မျှ ယှဉ်နိုင်ခြင်းမရှိဘဲ (၅) ရက်အကြာတွင် ရက္ခိုင့်တပ်တော် လက်အောက်သို့ ကျရောက်ခဲ့ရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 



ယခုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ အရေအတွက် (၈၀) ကျော်အား သုတ်သင် ရှင်းလင်း နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့အလောင်းများစွာနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း၊  မိမိတို့ဖက်မှလည်း ထိုက်သင့်သော ပေးဆပ်မှု၊ ရင်းနှီးမှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။  

 

ဤ (၅) ရက်ကြာ ခမရ (၅၆၄) တပ်ရင်းဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြသည်။

 

နောက်ထပ်စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

 

၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက်တွင် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) စခန်းအား စစ်ကောင်စီမှ  ကြည်း၊ လေ ပူးပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် (၁၀) ရက်အကြာတွင် နောက်ထပ် တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

 

 ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင်  ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအားလည်း  ရက္ခိုင့်တပ်တော်က ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။



 

ဆက်စပ် သတင်းများ