အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွါရသူများ သောက်သုံးရေ ရှားပါးမှုဒဏ် ရင်ဆိုင်နေရပြီး မုန်တိုင်းရာသီအမီ အမိုးအကာအထောက်အပံ့များ လိုအပ်နေသည်ဟု OCHA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 255

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၂၄

ရခိုင်တွင် တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု အန္တရာယ်ပိုမိုမြင့်တက်လျက်ရှိကာ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် သောက်သုံးရေ ရှားပါး မှုဒဏ်ကိုပါ ရင်ဆိုင်နေရပြီဟုဧပြီ ၅ ရက်နေ့တွင် United Nations OCHA Myanmar မှထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြားဖြစ်ပွါးနေသော တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများက လူနေရပ်ကွက်များအတွင်း ကျရောက်ထိမှန်သည့် ဖြစ်စဉ်များနှင့်အတူ အရပ်သားပြည်သူများမှာ ပဋိပက္ခဒဏ်ကို ဆက်လက် ခံစားနေကြရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ပွဲများကြောင့် အရပ်သားထိခိုက်မှု အန္တရာယ်ပိုမိုမြင့်တက်လျက်ရှိကာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုဆိုးရွားလာစေကြောင်းသိရသည်။

“အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ အိုးအိမ်စွန့်ခွာရသူများစွာတို့သည် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန် အရေးကြီးပါသည်။ နေရာများစွာတို့၌ ကုန်ဈေးနှုန်းများ ခေါင်ခိုက်လာခြင်းနှင့် ဝယ်မရဖြစ်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာမဖူလုံခြင်းမှာလည်း လွန်စွာရတက်မအေးစရာဖြစ်သည်” ဟု United Nations OCHA Myanmarမှထုတ်ပြန် ထားသည်။

ပိုမိုကြီးမားလာသည့် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများအကြား မတ်လအတွင်း လက်နက်ကိုင်ပဋိပက္ခ အခြေအနေသည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြား၌ အရှိန်မြင့်တက်လျက်ရှိကြောင်းသိရသည်။

နေရပ်စွန့်ခွာထွက်ပြေးနေရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လျက်ရှိကာ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာရသူ ၂ ဒသမ ၅ သန်းကျော် အပါအဝင် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင်ကချင်ပြည်နယ်၌ ကချင်လွတ်မြောက်ရေးတပ်မတော်က မတ်လ (၇) ရက်နေ့ ထိုးစစ်စတင်ခဲ့စဉ်မှစ၍ လူဦးရေ ၁၈,၀၀၀ ကျော်သည် (၁၀) မြို့နယ်အတွင်း အိုးအိမ်စွန့်ခွာတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

နိုင်ငံအနောက်မြောက်ဖက်တွင် ဆက်လက်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၌ အရပ်သားများအပေါ် ပြင်းထန်စွာထိခိုက်လျက်ရှိသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်သောတပ်မတော်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲများကြောင့် ခန့်မှန်းခြေ အရပ်သား ၂၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရန်ပုံငွေထောက်ပံ့မှုမရှိခြင်းကြောင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို အလုပ်မတွင်ဖြစ်စေကြောင်းလည်း OCHA ကဆိုသည်။

၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံထားရာတွင် နှစ်တစ်နှစ်၏ သုံးလတာကုန်ဆုံးချိန်အထိ ၄ ရာခိုင်နှုန်းသာ ရန်ပုံငွေ ရရှိသေးကြောင်းသိရသည်။

လိုအပ်နေသော လူဦးရေ ၅ ဒသမ ၃ သန်းကို ကူညီရန်နှင့် ပြတ်လပ်နေသောရိက္ခာများကို မုန်တိုင်းရာသီအမီ ထပ်လောင်းဖြည့်ဆည်းသွားရန် ရန်ပုံငွေအရင်းအမြစ်များ အရေးပေါ်လိုအပ်နေကြောင်း OCHA  မှထုတ်ပြန်ထားသည်။


ဆက်စပ် သတင်းများ