Preview

မောင်တော (၄)မိုင် နယ်ခြားစောင့်စခန်း နှင့် ကြိမ်ချောင်းစခန်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေ

ဧပြီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :1803
ရခိုင် သတင်း

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၆/ ၂၀၂၄

၇ခိုင်ပြည်၊ အနောက်ဖက်နယ်စပ်ဒေသ မောင်တောမြို့နယ်၊(၄) မိုင် နယ်ခြားစောင့် နခခ -၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိ၇သည်။

မောင်တောမြို့ (၄) မိုင်တွင် ရှိသည့် နခခ-၄ တပ်ရင်းကို ယမန်နေ့ ဧပြီလ ၅ ရက်နေ့ကနေစပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ်ပိုင်းအထိ ပစ်ခတ်သံများကြားနေရကြောင်း မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" (၄)မိုင် က  နယ်ခြားစောင့်တပ်ကို မနေ့က မနက်ကနေစပြီးတိုက်နေတယ်။ ဒီနေ့လည်း တိုက်နေကြတယ်။ မြို့ပေါ်တပ်ရင်းတွေကလည်း ပစ်နေတယ်" ဟုပြောသည်။

အလားတူ မောင်တော ကြိမ်ချောင်းနယ်ခြားစောင့် စခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှ အသည်းအသန် ခုခံတိုက်ခိုက်နေသည်ဟု  မောင်တောမြို့နယ်မှ ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"ကြိမ်ချောင်းကတော့ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ စစ်ကောင်စီဖက်ကလည်း မကျဖို့ အသည်းအသန်ကာကွယ်နေကြတယ်" ဟုပြောသည်။

၎င်းအပြင် မောင်တောမြို့တွင် စစ်ကောင်စီက လက်နက်အင်အားများ ဖြည့်တင်းနေသည်ကိုတွေ့ရပြီး တိုက်ပွဲဆက်လက် ပြင်းထန်ပါက လူနေရပ်ကွက်၊ ကျေးရွာများအတွင်း ထိခိုက်မှုများရှိလာမည်ကိုစိုးရိမ်ကြောင်း မောင်တောမြို့ခံများကပြောသည်။

မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက "ကညင်တောကနေ မောင်တောမြို့ကို စစ်အင်အားနဲ့ ရိက္ခာ ဖြည့်နေတာက ရက်နည်းနည်းကြာနေပြီ။ စစ်အင်အား ရိက္ခာတွေများလို့ လေးငါးရက်တောင်ကြာတယ်။ ဒီနေ့တော့ မတွေ့တော့ဘူး။ စားနပ်ရိက္ခာနဲ့အတူ စစ်သားတွေလည်း ကားပေါ်မှာပါတယ်"  ဟုပြောသည်စစ်ကောင်စီသည် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာ၊ လောင်စာဆီများကို   ဧပြီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ကညင်ချောင်းစီးပွါးရေးဇုန်ဆိပ်ကမ်းမှတဆင့် ဇက်နေဗီများဖြင့် မြို့သူကြီးတပ်ရင်းသို့ ဖြည့်တင်းလျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

၎င်းအပြင် စစ်တပ်မိသားစုဝင်များကိုလည်း ပြီးခဲ့သည့် ရက်သတ္တပတ်က စ၍ ပြောင်းရွှေ့နေကြောင်း ၎င်းတို့နှင့် နီးစပ်သူတချို့၏ ပြောပြချက်အရသိ၇သည်။

မောင်တောအပြင် ဘူးသီးတောင်မြို့မှ စစ်တပ်မိသားစုများကိုလည်း ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် - မောင်တော ကားလမ်းအတိုင်း စစ်ကား( ၁၇ )စီးဖြင့် မောင်တော ကညင်ချောင်းဆိပ်ကမ်းသို့ ပိုဆောင်နေသည်ကို တွေ့ရှိခဲ့သူများ၏ ပြောပြချက်အရသိ၇သည်။


#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.