သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အမ်းမြို့တွင် ဆန်ပြတ်နေ၍ တစ်အိမ်ထောင် နှစ်ပြည်သာ တန်းစီပြီးဝယ်ယူနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 573

သဉ္ဇာနွယ်

နိရဉ္စရာ၊မတ် ၆/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့တွင် ဆန်ပြတ်လပ်နေသဖြင့် တစ်အိမ်ထောင်လျှင် နှစ်ပြည်သာ ဈေးဆိုင်များကရောင်းချပေးနေကြောင်းသိရသည်။

အမ်းမြို့ပေါ် ရပ်ကွက်များ၏ ဈေးဆိုင်များတွင် ဆန်မရှိတော့သဖြင့် လက်လုပ်လက်စားသမားများအနေဖြင့် တစ်အိမ်ထောင်ကို ဆန်နှစ်ပြည်ရရှိရေး တန်းစီဝယ်ယူနေကြရကြောင်း အမ်းမြို့ခံများက နိရဉ္စရာအားပြောသည်။

“ ဆန်တွေကို ကုန်စုံဆိုင်တွေမှာသွားပြီး တန်းစီးတိုးပြီး ဝယ်နေရပါတယ်။ တစ်အိမ်ထောင်ကို ၂ ပြည်စီပဲဝယ်လို့ရတယ်။ ဒါတောင်မရတဲ့သူတွေမရလို့ မစားရမသောက်ရ ငတ်ပြတ်နေသူတွေရှိနေပြီ။ အစ်မလည်း ဒီမနက်ကသွားဝယ်တာ ကိုယ့်အလှည့်ကျမှ ကုန်သွားတယ်။ တော်တော်လေးကို စိတ်ထိခိုက်ရပါတယ်။ မိသားစုတွေရှိတယ်၊ ကလေးတွေရှိတယ်။အခုအခြေအနေက တော်တော်လေးကို ဆိုးနေတဲ့အနေအထားပါ။ အမ်းက လူဦးရေကိုသိချင်ရင် ဆန်ဝယ်နေတဲ့လူတွေကိုသာကြည့် ဆိုပြီးတော့ ပြောနေကြပြီ ” ဟုပြောသည်။

လက်ရှိတွင် အမ်းကို ဝင်ထွက်သွားလာသည့် လမ်းများကို ပိတ်ထားသည့်အတွက် ဆန်ဆိုင်များမှာလည်း ဆန်ပြတ်လပ်လာ၍ အညီအမျှရောင်းချေ ပေးနေကြောင်း အမ်းမြို့မှ ဆန်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

“ လမ်းတွေအကုန်ပိတ်ထားတဲ့အခါကျတော့အမ်းကိုဝင်မယ့်လမ်းပေါက်မရှိတော့ဘူး။ တိုက်ပွဲဖြစ်တုန်းကတည်းကဆိုရင် ဆန်ကား တစ်လမှာ တစ်စီးလောက်ပဲဝင်တာ။ ခုဆိုင်မှာလည်း ဆန်ပြတ်သွားမှာကို စိုးရိမ်နေရတယ်” ဟုပြောသည်။

လက်ရှိတွင် ဆန်တပြည်လျှင် ငွေ (၄ဝဝဝ) ကျပ်ဈေးနှုန်းရှိနေပြီး အခြေခံလက်လုပ်လက်စားများမှာ ဆန်ဝယ်မစားနိုင်သဖြင့် ဆန်ပြုတ်ကြိုသောက်သူများရှိလာနေကြောင်း အမ်းမြို့မှ အိမ်ထောင်ရှင်ကလေးမိခင်တစ်ဦးက ပြောသည်။

“ ဆန်တပြည်ကိုလေးထာင်ပေးပြီးဝယ်စားရတယ်။ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်စားလို့မရအောင်ထိ ဆန်ကပြတ်လပ်နေတာ။ ဆီတွေဆားတွေမရှိရင်တောင် ဆန်ရှိနေရင် ဆန်ပြုတ်ကြိုသောက်လို့ရတယ်။ အခုက လမ်းတွေအကုန်ပိတ်လိုက်ပြီဆိုတော့ငတ်တလှည့် မွတ်တလှည့် ဖြစ်နေပြီ။ တကယ် ငတ်နေတဲ့သူရှိနေပြီ” ဟုပြောသည်။

စစ်‌ကောင်စီမှ အမ်းမြို့အဝင်အထွက်များကို ပိတ်ထားပြီး နယ်ဖက်မှ ဆန်လာရောင်းသူများကိုသာ စစ်ကောင်စီက ခွင့်ပြုပါက ယခုကဲ့သို့ မြို့ခံများ ရင်ဆိုင်နေရသည့် ဆန်ပြတ်လပ်မှု လျော့နည်းသွားနိုင်သည်ဟု အမ်းမြို့လူမှုရေး လှုပ်ရှားသူတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီက ရက္ခိုင့်တပ်တော်က လမ်းပိတ်ထားလို့ ပြည်သူတွေကို ဒီလိုအခြေနေရောက်နေတယ်ဆိုပြီး တမင်ဖန်တီးတာ။ အခုက အမ်းမြို့ကို လည်း နယ်က တက်လာလို့မရဘူး။ နယ်ကိုလည်း မြို့ကလူတွေကို သွားခွင့်မပေးဘူး။ စစ်ကောင်စီသာ မြို့အဝင်အထွက် ဖွင့်ပေးရင် ဒီလိုမျိုးဖြစ်စရာကို မရှိပါဘူး။ သူတို့ကျတော့ ရိက္ခာတွေကို လေယာဉ်တွေနဲ့ယူလို့ရတယ်လေ ” ဟုပြောသည်။

လက်ရှိအမ်းမြို့ပေါ်တွင် ဆန် ၂ ပြည်ဝယ်ယူနိုင်ရေးအတွက်ကုန်စုံဆိုင်များရှေ့တွင်  နံနက် ၅ နာရီကနေ စောင့်ဆိုင်းနေရပြီး ဆန်ဝယ်ယူ၍ မရသည့် အတွက် ခိုက်ရန်ဖြစ်ပွားမှုများလည်းရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်ရေးအရှိန်မြင့်တက်လာမှုကြောင့်အမ်းမြို့မှ မကွေးတိုင်းဒေသကြီး ငဖဲမြို့ကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းကားလမ်းကို  ဧပြီ ၂ရက်နေ့က ရက္ခိုင့်တပ်တော်(AA)မှ ပိတ်ထားလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နှင့် ပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် ဂွ - ငသိုင်းချောင်းလမ်း၊ တောင်ကုတ်- ပန်းတောင်း (ပြည်) ကားလမ်း၊ အမ်းနှင့် မင်းဘူးကားလမ်းများကိုလည်း နိုဝင်ဘာ ၁၃ နံနက်မှ စတင်ပြီး သွားလာခွင့်ကို  ပိတ်ထားသည်ဟုသိရသည်။

ဓာတ်ပုံ - ဆန်ဝယ်ယူရန် တန်းစီနေပုံ

ဆက်စပ် သတင်းများ