Preview

မင်းပြားတွင် စစ်လက်ကျန်ပစ္စည်းပေါက်ကွဲ၍ ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာပြင်းထန်

ဧပြီ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :1282
ရခိုင် သတင်း

အေးမြတ်ခိုင်၊နိရဉ္စရာ၊ ဧပြီလ ၆/၂၀၂၄

၇ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာတွင် ဧပြီလ ၆ ရက်၌ စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲ၍ ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိ၇သည်။

င/တန်ပျင်းကျေးရွာ၌ နေ့လယ် ၃ နာရီခန့်တွင် အိမ်နောက်ဘက်မှ ကောက်ရသည့် စစ်လက်ကျန် ဗုံးအား ထုခွဲကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး ဖခင်ဖြစ်သူ ဦးလှကျော်ခိုင်(၅၈ နှစ်) ပွဲချင်းပြီး သေဆုံးကာ သမီးဖြစ်သူ မဖြူမချေ(၂၈ နှစ်)မှာ ဒဏ်ရာ အပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း သိ၇သည်။

ဒေသခံတစ်ဦးက "ဒီရွာမှာက စစ်တပ်ကတပ်စွဲခဲ့တာရှိတော့ စစ်လက်နက်ပစ္စည်းတွေ ကျန်ခဲ့တာတွေရှိပါတယ်။ အခု သေဆုံးတဲ့သူက သူ့ အိမ်နောက်ဖေးက ကောက်ရလာတဲ့ ဗုံးကို ထုကြည့်ရင်း ပေါက်ကွဲပြီး နေရာမှာပဲ ဆုံးသွားရှာတာပါ။ သူ့သမီးလည်း ကျောဘက်တွေမှာ ဒဏ်ရာရသွားတယ်။ အခုဆေးကုထား၇ပါတယ်"ဟု ပြောသည်။

င/တန်ပျင်းကျေးရွာတွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က တပ်စွဲမှုများရှိခဲ့ပြီး မင်းပြားမြို့နယ်အတွင်း စစ်ပွဲဒဏ်ကို အခံရဆုံးကျေးရွာများအနက် တစ်ရွာဖြစ်ကြောင်း သိ၇သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် နေအိမ်မီးလောင်မှုများ ရှိခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းရွာသို့ ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ သည့်အပြင် မိခင်ဖြစ်သူနှင့်အဖိုးအိုတစ်ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိ၇သည်။

မင်းပြားမြို့ကို AA ကသိမ်းပိုက်ပြီးနောက် စစ်ဘေးရှောင်နေသည့် င/တန်ပျင်းရွာသားများ ရွာတွင်ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ၏ အန္တာရယ်ကို စိုးရိမ်နေရဆဲဖြစ်ကြောင်း ရွာသားများက ပြောသည်။

"ဖြစ်နိုင်ရင် မိုင်းနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းပေးစေချင်ပါတယ်"ဟု င/တန်ပျင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာက စိတ်မနှံ့ စကား မပြောတတ်သူ မောင်ဆန်းဝင်း(ခ) ဘားကြီး( ၂၅) နှစ် သည်  စစ်လက်နက်အကြွင်းအကျန်ပစ္စည်း ပေါက်ကွဲ၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။

 

ဓာတ်ပုံ-ပေးပို့

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.