ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် စစ်ဘေးရှောင်နေရာမှ နေရပ်ပြန်လာသူတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 838

သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဧပြီ ၆/၂၀၂၄

ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်နေရာမှ နေရပ်ပြန်လာသူ အမျိုးသား တစ်ဦး ကို ယနေ့ ဧပြီ ၆ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ စစ်တောအုပ်စု စည်မော်ရွာမှ ဦးဝေတင်အောင် အသက် (၃၂) ဖြစ်သည်။

စည်မော်ကျေးရွာသားတစ်ဦးက" အရင်တုန်းက စည်မော်ရွာနားမှာတိုက်ပွဲဖြစ်တော့ ရွာကလူတွေ  စစ်ဘေးရှောင်ကြတယ်။ နီးစပ်ရာ ဒေသတွေကိုပါ။  အခု ငြိမ်နေလို့ ကိုယ့်ရွာကို လုပ်ကိုင်စားသောက်ဖို့ ပြန်လာတာ မကြာသေးဘူး အဖမ်းခံရတာပါ " ဟု  နိရဉ္စရာအားပြောသည်။

အဆိုပါ ကျောက်ဖြူမြိုနယ်၊ စည်မော်ကျေးရွာတွင် ယနေ့နံနက် ၇နာရီခန့်က ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီစစ်ကြောင်း ၅၀ကျော်ခန့်ပါသည့် စစ်ကြောင်းတစ်ခု ရွာထဲသို့ ဝင်ရောက်လာပြီး ဦးဝေတင်အောင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

"သူတို့ကရွာမဝင်ခင် ပတ်ပတ်လည်ကင်းပုန်းချထားတာ ပြီးမှ ရွာဝင်တာ။ လူတွေကို အေအေနဲ့ ဆက်စပ်တယ်ပြီ သံသယဝင်နေပြီး ဖမ်းချင်သလို ဖမ်းနေတာပါ" ဟုပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူကို ဓညဝတီရေတပ်ဌာနချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏တပ်ရင်းများမှ လက်နက်ကြီးများပစ်ခတ်မှုများရှိသကဲ့သို့ သံဇစ်မြစ်အတွင်းရှိနေဗီမှလည်း လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသော်လည်း စားသောက် နေထိုင်ရေး အဆင်မပြေသည့်  စစ်ဘေးရှောင်နေသူများမှာ နေရပ်ပြန်၍ လုပ်ကိုင်စားသောက်ရန် ကြိုးစားနေကြရသည်။

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ကျောက်ဖြူမြို့နယ်မှ ကျောင်းသား၊ကျောင်းသူများအပါအဝင် ဒေသခံအများအပြားဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဆက်စပ် သတင်းများ