အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

စစ်ကောင်စီနေဗီမှ တောင်ကုတ်မြို့နှင့် ၆ မိုင် ၇မိုင်အကွာ ကျေးရွာများအနီးသို့ လက်နက်ကြီးပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 980

စိုးစံအောင် ၊ နိရဥ္စရာ ၊ ဧပြီ ၇ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နှင့် သိပ်မဝေးသည့်ကျေးရွာများအနီးသို့ ယနေ့ ဧပြီလ ၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီနေဗီမှ လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာအောက်ဘက် ရေမိုင် ၈ မိုင်အကွာ ပန်းထော်ကျွန်းနှင့် ရေမိုင်တစ်မိုင်ခန့်အကွာ ဒေသအခေါ် ကျောက်တလုံးအနီး ရပ်နားထားသည့် နေဗီစစ်ရေယာဥ်မှ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

" ပန်းထော်ကျွန်းနဲ့ဆို ရေမိုင်တစ်မိုင်လောက်ပဲကွာတယ်။ ခမောင်းတုန်းနဲ့ဆိုရင်တော့ ရွာအောက်ဘက် ရေမိုင် ၈ မိုင်လောက်ကွာတယ်။ အဲဒီမှာ ကျောက်တလုံးနားမှာရပ်ထားတဲ့နေဗီကလက်နက်ကြီးနဲ့လှမ်း ပစ်တာ" ဟု သူကပြောသည်။

လက်နက်ကြီးကျည်များမှာ တောင်ကုတ်မြို့နယ် တပျော့၊ တဲမောက်၊မုတ်ကျေးရွာများအနီးတွင်ရှိသော မောင်ရေတောင်၊ဓားသွီးကျောက်တောင်၊ ဖိုးရွေနီတောင်၊ တောချောင်း၀တောင်၊ သင်းပုန်းတောင်များ အနီးဝန်းကျင် နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သူကဆက်ပြောသည်။

" မုတ်ကျေးရွာ ၊တဲမောက်နဲ့တပျော့ကျေးရွာတွေရဲ့အနားက တောင်တွေမှာ လက်နက်ကြီးကျည်တွေ ကျကွဲတယ်။ ရွာတွေကိုတော့လက်နက်ကြီးကျတာမျိုးအခုထိမကြားမိသေးဘူး။ အဲဒီတောင်တွေက ရွာတွေ နဲ့နည်းနည်းတော့လှမ်းတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

လက်ရှိစစ်ကောင်စီနေဗီမှ ​လက်နက်ကြီးပစ်ခတ်သည့်နေရာများမှာ တောင်ကုတ်မြို့နှင့် ၆ မိုင်မှ ၉ မိုင်အကွာအဝေးအတွင်းရှိသည့်နေရာများဖြစ်ပြီး ပြီးခဲ့သည့်မတ်လ ၆ ရက်နှင့် ၂၀၂၃ ဒီဇင်ဘာလ ၁၇ ရက်များတွင် စစ်ကောင်စီစ​စ်ကြောင်းကို AA ကမိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် ဒေသများဖြစ်သည်။

ယနေ့စစ်တပ်နေဗီမှ လက်နက်ကြီးပစ်ခတ်သံများကိုတောင်ကုတ်မြို့ပေါ်ကပင် ကြားရကြောင်း မြို့ခံများကပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်နှင့်သံတွဲမြို့နယ်အတွင်းရှိ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ ရှိသည်ဟု ယူဆသည့် နေရာဒေသများကို နေဗီမှလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့်ရသတ္တတစ်ပတ်ခန့်ကစပြီး တောင်ကုတ်မြို့နယ်ထဲမှ ပန်းတင်းတိုက်နယ်၊ ကုလရောင် ကျေးရွာနှင့် ခေါင်းလောင်းတူရွာများ၊ သံတွဲတောင်ကုတ်ကြားရှိကျေးရွာများတဝိုက် စစ်ကောင်စီက ကင်းထောက်ဒရုန်းများဖြင့် ကင်းထောက်ရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံ ကျေးရွာသားများက နိရဥ္စရာသို့ပြောသည်။

ပုံစာ- လက်နက်ကြီးကျည်ကျ၍ မီးလောင်နေသည်ကို မြင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ