ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီဖမ်းဆီးသွားသည့် စစ်တွေမြို့နယ် အမြင့်ကျွန်းနှင့် ချီလည်ပင်းရွာမှ ရွာသား ၄ ဦးနှင့် (၁၀) ရက်ကျော်ကြာလာသော်လည်း မိသားစုနှင့် အဆက်အသွယ်မရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 899

(ကျေးရွာအချို့တွင် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေရာယူပြီး နေအိမ်များကို ဖောက်ထွင်းကာ အိမ်များကိုဖျက်ဆီးရောင်းစားမှုရှိနေ )

သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာနှင့် ချီလည်ပင်းရွာမှ အရပ်သား လူ ၄ ဦးကို စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးသွားဆောင်သွားပြီး အဆက်အသွယ်မရသည်မှာ (၁၀) ရက် ကျော်ရှိလာပြီဖြစ်သဖြင့်  မိသားစုဝင်များအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ အမြင့်ကျွန်းရွာမှ ဦးကျော်နိုင် (၅၁) နှစ်၊ ဒေါ်မေသစ်လွင် (၃၆)နှစ်၊ ကိုထိန်းကျော်လင်း   (၂၅)နှစ်နှင့် ချီလည်ပင်းမှနောက်ထပ်ရွာသားတစ်ဦး စုစုပေါင်း ၄ ဦးတို့ဖြစ်ကြသည်။

၄င်တို့ကို အမြင့်ကျွန်းကျေးရွာတွင် လက်ရှိကင်းပုန်းဝပ်နေရာယူထားသည့် စစ်ကြောင်းမှ လွန်ခဲ့သည့် မတ်လ ၂၄နှင့် ၂၅ ရက်နေ့များတွင် နေအိမ်များအတွင်းဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကာ မည်သည့် နေရာသို့ပို့ဆောင်ထားကြောင်း မသိရသေးဟု မိသားစုဝင်များက နိရဉ္စရာသို့ ပြောသည်။

ဖမ်းဆီးခံရသူ၏ သမီးဖြစ်သူ တစ်ဦးက "ကျမအဖေလည်း ပါတယ်။ ပြီးရင် နောက်ထပ် ရွာက ၂ ယောက်။ လာဖမ်းတုန်းက စစ်သား ၅ယောက် လောက် ပါတယ်။ ဘာအကြောင်းပြချက်မရှိ ဖမ်းသွားတာ။ ကျမအဖေကို အဲ့ဒီလွန်ခဲ့တဲ့ ၂ ပတ် စနေနေ့ညနေက ဖမ်းပြီး နောက်နေ့ မနက် နောက် ၂ ယောက် ဖမ်းတာ။ စစ်တွေဖက်ကို စစ်ကားနဲ့ခေါ်သွားတယ်။ ဘယ်မှာချုပ်ထားမှန်းကိုမသိရပါဘူး" ဟုပြောသည်။

ဖမ်းဆီးခံရသူများနှင့် လက်ရှိအချိန်ထိ အဆက်အသွယ် မရကြသဖြင့် မိသားစုများမှာ အလွန်တရာ စိုးရိမ်နေကြသည် ဟု ၎င်းအမျိုးသမီးက ပြောသည်။

ယင်းအပြင် အမြင့်ကျွန်းရဲစခန်းနှင့် အနီးအနားရှိ စခန်းများမှ စစ်ကောင်စီစစ်သားများသည် အမြင့်ကျွန်း ရွာတွင် ဝင်ရောက်နေထိုင်ကြပြီး ပြည်သူပိုင် စားနပ်ရိက္ခာများကို ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အိမ်များကို ဖြိုဖျက်၍ ထင်းအဖြစ်ရောင်းစားခြင်းများ ပြုလုပ်နေသည်ကို တွေ့နေရကြောင်း နောက်ထပ် အမြင့်ကျွန်း ကျေးရွာသားတစ်ဦးက ပြောသည်။

" အိမ်တံခါးတွေကို ဖျက်ပြီးရောင်းစားတယ်။  ဖျက်လို့မရတဲ့ အိမ်တွေ၊ တိုက်တွေဆိုရင်  မီးရှို့တယ်။ တံခါးသော့ခတ်ထားရင် ရွာမှာကျန်နေသေးတဲ့ လူတွေဆီက သော့တောင်းတယ်။ သော့မရရင် အိမ်တံခါးတွေကို ဖျက်ပြီး ပစ္စည်းတွေကို ယူတယ်။ စစ်သားမယားတွေကလည်း ရွာထဲက အိမ်တွေက ပစ္စည်းတွေကို ယူပြီးရောင်းစားကြတယ်။ စစ်သားတွေ ညဖက်ဆို အိမ်ပေါ်မှာ တက်အိပ်ကြတယ်။ ခုလိုဖြစ်နေတာ နှစ်ပတ်လောက်ရှိပြီ " ဟုပြောသည်။

အမြင့်ကျွန်းကျေးရွာမှ ကျေးရွာသားအများအပြားမှာ စစ်ဘေးရှောင်နေကြပြီး ရွာထဲတွင် မပြေးမလွှားနိုင်သည့် သက်ကြီးပိုင်းအရွယ် တချို့သာကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။

စစ်တွေမြို့ပါဒလိတ်အမြောက်တပ်မှ စစ်ကြောင်းများမှာ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း စစ်ကြောင်းလှည့်လည်နေမှုများ ရှိနေကြောင်းသိရသည်။

ထိုသို့ လှည့်လည်ရာတွင် လူမရှိတော့သည့် ချီလည်ပင်း ကျေးရွာတွင်လည်း နေအိမ်များကို ဖောက်ထွင်း ခိုးယူမှုများရှိနေကြောင်း ရွာသားတစ်ဦးက ပြောကြားသည်။ 

“ ကျွန်တော်တို့ စစ်တွေမြို့နယ် ချီလည်ပင်းကျေးရွာ လူမရှိတဲ့ နေအိမ်တွေမှာရှိတဲ့ စပါး၊ ဆန် အပါအဝင် အိမ်ထောင်ပရိဘောဂစတဲ့ ရရာပစ္စည်းတွေကို ဘေးရွာက မသမာတဲ့ လူတွေက စစ်တပ်နဲ့ ပေါင်းပြီး ခိုးယူရောင်းချမှုတွေရှိနေပါတယ်။ နိရဉ္စရာက သတင်းတင်ပေးစေချင်ပါတယ်။ ဒါကို အကြောင်း ကြားအပ်ပါတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ အတွင်းကလည်း စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား စစ်တပ်က မီးရှို့ပြီးနောက်  မီးမလောင်ဘဲကျန်ရှိနေသေးသည့် နေအိမ်များကို စစ်ကောင်စီ အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဖြိုဖျက်ပြီး စစ်တွေမြို့နယ်မှ မွတ်ဆလင် စီးပွားရေးသမားများကို ရောင်းချစားသောက်နေကြောင်း မျက်မြင်များ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ