တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မာန်အောင်တွင် (AA )ကို အလိုမရှိကြောင်း စစ်ကောင်စီက ဒေသခံများကို ဖိအားပေး ကန့်ကွက်ခိုင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဧပြီ ၈/ ၂၀၂၄

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)ကို အလိုမရှိကြောင်း စစ်ကောင်စီက ဒေသခံများကို အတင်း ဖိအားပေးကာ ကန့်ကွက်မှုများလုပ်ဆောင်ရန် ညွှန်ကြားနေကြောင်း သတင်းရရှိသည်။

မာန်အောင်မြို့နယ်၊သစ်ပုံကျေးရွာအတွင်းသို့ ယမန်နေ့ ဧပြီ ၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်အချိန်က စီမံဗိုလ်မှူး၊ ကမုံတောင်စခန်းဗိုလ် အပါအဝင် စစ်ကောင်စီအင်အား ၃၀ခန့် ရွာထဲသို့ဝင်ရောက်က ကျေးရွာသားများကို အစည်းအဝေးခေါ်ယူပြီး အေအေကို အလိုမရှိကြောင်း လက်မှတ်များရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံများက နိရဉ္စရာအားပြောသည်။

မာန်အောင်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ သူတို့က ရွာကိုဝင်လာပြီး အစည်းအဝေးလုပ်တယ်။ပြီးရင် အုပ်မှူးကနေတဆင့် ရွာသားတွေကို စာရွက်ပေးတယ်။ အဲ့ဒီစာရွက်မှာ နာမည်‌ရေးရတယ်။မှတ်ပုံတင်နံပါတ်နေရပ်လိပ်စာတို့ ပြီးရင် အေအေကိုအလိုမရှိရေးရတယ်။ ပြီးရင် လက်မှတ်ထိုးပြီး အဲ့ဒီစာရွက်ကိုပေးရတယ်။ အိမ်မှာ ကပ်ခိုင်းတာတော့ မဟုတ်ပါဘူး။ သန်းခေါင်းစာရင်းတွေလည်း ဒီနေ့အထိကောက်နေတာတွေရှိတယ် ” ဟုပြောသည်။

အဆိုပါသစ်ပုံကျေးရွာတွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီကို အလိုမရှိကြောင်း စာများကပ်ကြသည်ဟု သတင်းများ ထွက်လာခဲ့ပြီး ယနေ့တွင် စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာပြီး ရက္ခိုင့်တပ်တော်(AA) ကို အလိုမရှိကြောင်း ကန့်ကွက်စာကပ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ရွာမှာပဲစောင့်ရမယ်ဆိုပြီး စာရင်းသွားပေးကြတယ်။ နောက်နေ့မနက်မှာပဲ စစ်ကောင်စီက ရွာထဲလာပြီး ရက္ခိုင့်တပ်တော်ကို မထောက်ခံဖို့လာပြောတယ်။ နောက်တစ်ခုရှိတယ် ဒီရက်မတိုင်ခင်က ရွာသားတွေက စစ်တပ်ကိုမထောက်ခံကြောင်း ရွာထဲကနေရာသုံးခုမှာ စာရွက်ကပ်တယ်။ အဲ့ဒါကို မကျေနပ်လို့ အခုလိုရွာသားတွေကို ဖိအားပေးတာနေမယ်” ဟုပြောသည်။

မာန်အောင်မြို့တွင် စစ်မှုထမ်းမည့် လူဦးရေစာရင်း ကောက်ခံခိုင်းပြီး ရက်ပိုင်းအတွင်း အသက် ၁၈နှစ်မှ အသက် ၅၀ အရွယ်ရှိ အမျိုးသားများမှ စစ်မှုမထမ်းလိုသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြရပြီးထွက်မပြေးဘဲ ကျန်ရှိနေသူများမှာစိုးရိမ်ကြောင့်ကြမှုများနှင့် နေထိုင်ကြရသည်ဟု  

“ဦးလေးတို့က လက်ရှိတော့မတိမ်း‌ရှောင်ရသေးဘူး။ လူငယ်ပိုင်းတွေက သင့်တော်မယ့် နေရာတွေကို ပြေးကုန်ပြီ။ ဦးလေးတို့လည်း ကြောက်တာပေါ့။ ဒါပေမယ့် လက်ရှိ ဝမ်းရေးကတစ်ဖက်၊ မိသားစုက တစ်ဖက်နဲ့ ပြေးလို့မရသေးဘူးဖြစ်နေပါတယ်” ဟုပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များကို AA အား ပေးလိုက်ရသည့် အတွက် တောင်ပိုင်းရှိ မြို့နယ်တချို့တွင် အရပ်သားများကို အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းနှင့် စစ်မှုထမ်းရန် ဖိအားပေးခေါ်ယူခြင်းများ လုပ်ဆောင်လာနေကြောင်း ရခိုင်အရေးလှုပ်ရှားသူများက သုံးသပ်ပြောဆိုထားသည်။

ဆက်စပ် သတင်းများ