တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်မှုထမ်းရန် ငြင်းဆိုပါက နိုင်ငံတကာအထောက်အပံ့များကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြီး စစ်တွေမွတ်ဆလင်ကျေးရွာများတွင် စစ်သားစုဆောင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 864

အိမ်စိုးဖြူ/ နိရဉ္စရာ၊ ဧပြီ ၈/ ၂ဝ၂၄

ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများတွင် စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ ရှိနေပြီး ငြင်းဆန်ပါက နိုင်ငံတကာက ပေးထားသည့် အထောက်အပံ့များကို ဖြတ်တောက်မည့်အပြင် ငွေ ၅၀၀၀၀ ပေးရမည်ဟု ခြိမ်းခြောက်လျှက်ရှိကြောင်း သိရသည်။ 

စစ်တွေမြို့နယ်ရှိ ဘုမေအုပ်စု၊ ကျောင်းတကာအုပ်စု၊ ကသစ်တောအုပ်စုအတွင်း မွတ်ဆလင်ကျေးရွာ ၁၀ရွာကျော်ရှိပြီး ယင်း မွတ်ဆလင်ကျေးရွာများမှ ဦးရွှေမောင်၊ ဦးစောလှ၊ ဦးရွှေလှနှင့် ဦးလှမြင့်ဆိုသူ ရွာလူကြီးတချို့ကတဆင့် လူသစ်များ ခေါ်နေခြင်းဖြစ်ကြောင်း မွတ်ဆလင်အရေးလှုပ်ရှားနေသူ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

" မလိုက်ရင် NGO တွေက လာပေးတဲ့ဟာတွေ မပေးတော့ဘူးလို့ပြောတယ်။ စစ်မှုထမ်းဖို့ လွန်ခဲ့တဲ့ ၁ လပိုင်းတုန်းက ၁၅ဝဝ တစ်ခေါက်၊ ၁ဝဝဝ တစ်ခေါက်။ ၇ဝဝ တစ် ခေါက် ခေါ်သွားပါပြီ။ အခု ကျွန်တော်တို့ ပွဲတော်ပြီးရင်ခေါ်ဖို့ နောက်ထပ် ၅ဝဝ စာရင်းယူသွားပါပြီ။ မလိုက်ရင်ငွေ ၅ သောင်းပေးရမယ်ပြောတယ်" ဟု သူကပြောသည်။

ယခုချိန်ထိ အဆိုပါကျေးရွာများမှ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသူ မွတ်ဆလင်လူငယ်ပေါင်း ၄ဝဝဝ ခန့် ရှိသွားပြီဟု ပြောဆိုသော်လည်း ၎င်းအရေအတွက်ကို နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

၎င်းအပြင် စစ်မှုထမ်းသူများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကဒ်လုပ်ပေးမည်ဟု ပြောပြီး မက်လုံးပေးခေါ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

စစ်တွေမြို့နယ် သက္ကယ်ပြင် မွတ်ဆလင်ကျေးရွာသားတစ်ဦးက" ကျွန်တော်တို့ ရွာက ဒုက္ခသည်စခန်းက အရင်တစ်ခေါက်က ၄၇ယောက် ခေါ်သွားတာပါ။  ၇ ယောက်သေသွားတယ်လို့ ပြောပြီး သေတဲ့လူထဲက တစ်ယောက်အိမ်ကိုတော့ ငွေနှစ်သိန်းနဲ့ ဆန်တစ်အိတ်လာပေးပါတယ်။ အခုကျွန်တော်တို့တော့ ထွက်ပြေးနေပါတယ်" ဟုပြောသည်။

မွတ်ဆလင် ပညာတက်လူငယ်တချို့နှင့် စစ်မှုမထမ်းလိုသူတချို့မှာ နေရပ်စွန့်ခွာ ထွက်ပြေး နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂ဝ၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း မွတ်ဆလင်ဒုက္ခသည် တစ်သိန်းကျော်ရှိသည်ဟုသိရသည်။ 

လက်ရှိအချိန် တိုက်ပွဲများ ပြင်းထန်လာသည့် ၂ဝ၂၄ ခုနှစ် နောက်ဆုံးစာရင်းအရ ရခိုင်ပြည် တစ်ခုလုံး၌ စစ်ဘေးရှောင် ၃ သိန်းကျော်အထိ ရှိနေကြောင်း AA ၏ စာရင်းအရသိရသည်။

၄င်းတို့ထဲတွင်  မွတ်ဆလင်ဒုက္ခသည်များလည်းပါဝင်ပြီး  AA က ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာတွင် လူနည်းစုအရေးကို ဦးစားပေးဆောင်ရွက်နေသဖြင့် မွတ်ဆလင်အများအပြား AA ထံ ပူးပေါင်းတာဝန်ထမ်းဆောင်နေသည်များရှိနေကြောင်း သိရသည်။

(ဓာတ်ပုံ- ပုံဟောင်း)

ဆက်စပ် သတင်းများ