အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ပေါ်ထိ တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်ကာ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 753

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် မြို့ပေါ်တွင်လည်း တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်ကာ ဒေသခံများ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းများကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲများပြင်းထန်နေပြီး မြို့ပေါ်မှနေ၍ လက်နက်ကြီးသံ၊ အမြောက်ပစ်ခတ်သံများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပြီဟု မောင်တောမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

မြို့ပေါ်က လူတွေကတော့ နေ့တိုင်းထွက်ပြေးကြတယ်။ ဘေးလွှတ်မယ်လို့ ထင်တဲ့နေရာတွေပေါ့။ ကျမတို့လည်း ဘယ်နေ့ဘယ်နေ့ ထွက်ပြေးရမယ် မသိဘူး။ မြို့ပေါ်ကလူတွေကတော့ ကားတွေငှားပြီးတော့ နေ့တိုင်းထွက်ပြေးကြတယ်။ တစ်ရက်မှာ လေး၊ ငါး၊ ခြောက်စီးစီ ပြေးနေကြတာ တွေ့တယ်” ဟုပြောသည်။

မောင်တောမြို့အဝင် စစ်ကောင်စီ နခခ(၅) ဒေသအခေါ် မြို့သူကြီးတပ်ရင်းနှင့် ၄ မိုင် နယ်ခြားစောင့် ရဲတပ်ရင်းမှလည်း ကြိမ်ချောင်း နှင့် ၈ မိုင်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးကတော့ မြို့သူကြီးဘက်ကရော၊ ၄ မိုင်ဘက်ကရော ပစ်တယ်။ ကြိမ်ချောင်းဘက်ကို ပစ်တာကများတယ်။ အတွဲလိုက်ဒုံးတွေပစ်တယ်။ မီးလုံးကြီးတွေမြင်ရတယ်။ အသံကလည်း ကျယ်သလားမပြောနဲ့ မိုးခြိမ်းတာထက်ကျယ်တယ်” ဟု သူကဆက်ပြောသည်။

ယမန်နေ့ကလည်း မောင်တောမြို့အဝင် စစ်ကောင်စီ နခခ(၅)မှ တစ်ညဉ့်လုံးနီးပါး ကြိမ်ချောင်းဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟုလည်း မောင်တောမြို့ခံများက ပြောကြသည်။

နောက်ထပ် မောင်တောမြို့ခံ အမျိုးသားတစ်ဦးက “မြို့ထဲမှာက နှစ်ပုံ တစ်ပုံလောက် ရှောင်သွားကြပြီလို့ ပြောလို့ရတယ်။ တချို့အိမ်တွေမှာဆို အိမ်စောင့်ဖို့ တစ်ယောက် ကျန်ခဲ့ကြတာတွေရှိတယ်။ တချို့ရပ်ကွက်တွေမှာဆိုလည်း ပြေးတဲ့သူတွေက ပြေးသွားကြပြီ။ မပြေးတဲ့ ရပ်ကွက်တွေလည်းရှိတယ်။ မြို့ထဲမှာလည်း သံချပ်ကာကားတွေနဲ့ အင်အားပြတာတွေပါ ရှိတော့ လူတွေပိုကြောက်ပြီး ထွက်ပြေးတာတွေ များလာတာပါ” ဟု‌ပြောသည်။

ထို့အပြင် မောင်တောမှ မွတ်ဆလင်များမှာ တိုက်ပွဲများ ဖြစ်လာခဲ့လျှင် ပြေးမည့်နေရာ မရှိ၍ အခက်အခဲဖြစ်နေကြရသည်ဟု မြို့ပေါ်မှ မွတ်ဆလင် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

မွတ်ဆလင်တွေလည်း ကြောက်နေကြတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လက်မခံဘူး ကြားတယ်။ အဲဒီဘက်ကိုလည်း မပြေးချင်ဘူး။ ပြေးမယ်ဆိုလည်း ဘယ်ကိုပြေးရမလဲ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပိတ်ထားတယ်။ ကျနော်တို့လည်း ပြေးမယ့်နေရာ ရှာတုန်းပါ။ အကုန်လုံး ဘေးကျပ်နံကျပ် ဖြစ်နေကြတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်မှ မွတ်ဆလင်ကျေးရွာများကို စစ်ကောင်စီက ညဉ့်အချိန်တွင် လာရောက်ကာ စစ်မှုထမ်းရန်အတွက် ပေါ်တာလာဆွဲသည်များလည်း ရှိနေပြီး သူတို့မှာ စစ်ကောင်စီထံတွင် စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သူကဆက်ပြောသည်။

စစ်မှုထမ်းဖို့ လာခေါ်မယ်ကြားတာနဲ့ ရှောင်ကြတယ်။ ဒီရွာမှာ လာဖမ်းရင် တခြားရွာကိုရှောင်၊ တခြားကို လာဖမ်းရင် ဒီဘက်ရွာကိုရှောင် အဲဒီလို ပြေးနေကြရတယ်” ဟုပြောသည်။

လက်ရှိ မောင်တောအခြေအနေမှာ စစ်ကောင်စီတပ်များက စာသင်ကျောင်းများနှင့် ဆေးရုံတွင် တပ်စွဲနေရာယူထားကာ ကုန်စည်စီးဆင်းမှုနှင့် ဆေးရုံကိုပါ ပိတ်ထားသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုမရဖြစ်နေကာ၊ ဆေးဝါးပြတ်လပ်မှုဒဏ်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များကို အလူးအလဲခံနေကြရသည်ဟုလည်း မောင်တောမြို့ခံများက ပြောကြသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်ကလည်း မောင်တောမြို့မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီအရာရှိများမှာ စစ်ကောင်စီထံတွင် တာဝန်မထမ်းဆောင်လို၍ ဘေးလွတ်ရာသို့ ထွက်ပြေးသွားကြသည်များလည်းရှိသည်ဟု မြို့ခံများက ဆိုသည်။

မောင်တောဆေးရုံအုပ် ဒေါက်တာ နုကေသီစံနှင့် သမားတော် ဒေါက်တာ အောင်နိုင်လင်းတို့သည်လည်း စစ်ကောင်စီ၏ ဖိအားပေးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပြီး သူတို့ကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို ရက္ခိုင့်တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက်နေပြီး လက်ရှိတွင် ကြိမ်ချောင်း နခခ(၇) ၌ တိုက်ပွဲများ ပြင်းထန်နေကာ တိုက်ပွဲမှာ မြို့ပေါ်နှင့် နီးကပ်လာပြီဖြစ်သည့်အတွက် မြို့ခံအများစုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဆက်စပ် သတင်းများ