သောကြာ၊ မေလ ၂၄ရက်၊ ၂၀၂၄

တိုက်ပွဲများကြောင့် နတ်မြစ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ဝင်ရောက်လာသည့် ရခိုင်လူမျိုး ၁၅ ဦး ပြန်ပို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 943

နိရဉ္စရာ၊ ဧပြီ ၁၀/၂၀၂၄

မောင်တောမြို့နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြားမှ နတ်မြစ်ကို လှေဖြင့် ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာကြသည့် အမျိုးသမီးများအပါအဝင် ရခိုင်လူမျိုး ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ယနေ့ နံနက်က မြန်မာဘက်ကို ပြန်ပို့လိုက်သည်ဟု သတင်းရရှိသည်။

ဒေသအတွင်းလူမှုရေး ဆောင်ရွက်နေသူ ဦးသိန်းမောင်က “ကျွန်တော်ဆီကို ဖုန်းဆက်လာလို့ ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ကို ကျွန်တော် မေတ္တာရပ်ခံပါတယ်။ သူတို့ကို လက်ခံပေးဖို့ ။ သူတို့ရဲ့ အကြီးအကဲပြောတာက မြန်မာဘက်က ထွက်ပြေးလာတဲ့သူ ဘယ်သူ့ကိုမှ လက်မခံကို အမိန့်ထုတ်ထားလို့ လက်ခံလို့ မရဘူးလို့ အကြောင်းပြန်ပါတယ်” ဟု ပြောဆိုသည်။

၎င်းရခိုင်လူမျိုး ၁၅ ဦးသည် ဧပြီ ၈ ရက်နေ့ ညအချိန် နတ်မြစ်ကို လှေဖြင့် ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြစ်နားရွာဘက်ကို လာရောက်​ကြသူများဖြစ်ကြပြီး ဘင်္ဂလားနယ်ခြားစောင့်တပ်က ၎င်းတို့အား တွေ့ရှိထိန်းသိမ်းထားကာ ယနေ့ နံနက်က လှေဖြင့် မြန်မာဘက်သို့ ပြန်ပို့လိုက်သည်ဟု သိရသည်။

“ ဘင်္ဂလားဒေ့ရှ်ကတော့ ရခိုင်ဘက်က လူတွေ ဝင်လာလို့ မရအောင် နယ်စပ်ကို လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်မှုတွေလုပ်နေပါတယ်။ သူတို့ဆီမှာ ဒုက္ခသည်တွေ ထပ်တိုးလာမှာကိုစိုးရိမ်ပြီး ဘယ်သူ့ကိုမှ ပေးမဝင်ပါဘူး။ ဒါပေမယ့်လည်း ရခိုင်လူမျိုးတွေလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဝင်လာတဲ့သူ တချို့တော့ ရှိပါတယ်။ အများစုကတော့ မွတ်ဆလင်တွေ ဝင်ရောက်လာပါတယ်။ မောင်တောမှာ တိုက်ပွဲပြင်းထန်နေတော့ လူတိုင်း စိုးရိမ်ပြီး ဒီဘက်ကို ခေတ္တလာခိုကြတဲ့သဘောပါ” ဟု ပြောဆိုသည်။

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရန် ဝင်ရောက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများပြင်းထန်နေပြီး အနီးအနားရှိ ကျေးရွာများရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဓာတ်ပုံ- A𝑟𝑎𝑘𝑎𝑛 𝑂𝑛𝑙𝑖𝑛𝑒 𝐿𝑖𝑏𝑟𝑎𝑟𝑦.(𝐾𝑦𝑎𝑢𝑘𝑇𝑎𝑤)

ဆက်စပ် သတင်းများ