စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်း ခမ၇-၃၇၃ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရန်ကုန်-အမ်းကားလမ်းကို စစ်တပ်က ဘတ်ဟိုးဖြင့်တူး၍ ဖျက်ဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(ဂျက်ဖိုက်တာများပျံဝဲပြီး လက်နက်ကြီးပစ်သံများအဆက်မပြတ်ထွက်ပေါ်ကာ စစ်ရေးပြင်းထန်နေဟုဆို )

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၉ / ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက်  ခမ၇-၃၇၃ အနီးတွင် ယမန်နေ့ ဧပြီ ၉ ရက်နေ့က ရက္ခိုင့်တပ်တော်  (AA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စစ်တွေ-အမ်းကားလမ်းကို ဘတ်ဟိုးနှင့် တူးကာဖျက်ဆီးနေကြောင်းသတင်းရရှိသည်။

အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက “ မနေ့က ၃၇၃ တပ်ရင်းနားမှာ တိုက်ပွဲဖြစ်တယ်။ ရွာသာယာ ရွာနဲ့ နီးတယ်။ အခု ၃၇၃ တပ်နားမှာ ရှိတဲ့  စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေက စစ်ဆေးရေးဂိတ်မှာ မနေဘဲနဲ့ ကင်းပုန်းဝတ်နေပြီးတော့ စစ်ဆေးရေးဂိတ်အနားမှာရှိတဲ့ ကားလမ်း စစ်တွေ-အမ်းကားလမ်းကို ဘတ်ဟိုးနဲ့ဖျက်ထားတယ်။အရင်တုန်းက အဲ့ဒီဂိတ်မှာ လူသွားလူလာတွေကို စစ်တယ် အခု စစ်သားတွေက မနေရဲတော့ဘူး။ ပြီးတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့နီးတဲ့ COD ဒိုင်ကြီးနားမှာ စစ်ဆေးရေးဂိတ်တစ်ခုထပ်လုပ်တယ်” ဟုပြောသည်။

ကားလမ်းကို သွားလာ၍ မရအောင် ယနေ့နံနက်ပိုင်းက စပြီးဖျက်ဆီးပစ်နေသည်ဟု ၎င်းက နိရဉ္စရာအား ဆက်လက်ပြောဆိုသည်။

အမ်းမြို့အနီးတစ်ဝိုက်တွင် ယနေ့ ဧပြီ  ၉ ရက် မွန်းလွဲ ၂ နာရီမှစ၍ အမှတ်(၇၅၇) လျှပ်စစ်အလုပ်ရုံ တပ်ခွဲဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သံများကြားရပြီး  ဂျက်ဖိုက်တာ ၃ စီးမှာ မြို့ပေါ်တွင် ဝဲပျံနေသည် နောက်ထပ် အမ်းမြို့ခံတစ်ဦးက ပြောသည်။

“  ဒီနေ့ မွန်းလွဲ  ၂နာရီခန့်မှာ အမှတ် ၇၅၇ ဖက်က သေနတ်ပစ်သံတွေ အဆက်မပြတ်ကြားရတယ်။ အခု ညနေ ၄ နာရီ ဂျက်တွေဝဲနေတယ်။ စစ်ရေးတင်းမာနေပြီး အခြေနေထူးခြားနိုင်တယ်” ဟုပြောသည်။

အမ်းမြို့နယ် မဲတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားတစ်ချို့သည်လည်း ယမန်နေ့ ညကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပူးပေါင်းသွားကြပြီဟု အမ်းမြို့ရှိ စစ်ရေးအခြေ အနေစောင့်ကြည့်နေသူ ဒေသခံတချို့က ဆိုသည်။

ဒေသခံတစ်ဦးက “ မဲတောင်မှာ စစ်သားတပ်စွဲထားတာရှိတယ်။ အဲ့ဒီအထဲက စစ်ကောင်စီ အားလုံးလားတော့သေချာမသိပေမယ့် အများစုကတော့ အနောက်ပိုင်းတိုင်း နပခကိုသွားကြတယ်” ဟုပြောသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး ဧပြီလ ၄ ရက်နေ့ကလည်း အမ်းမြို့၊ လုံးရွာအနီးတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လူ ၄ ဦးသေဆုံးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ