တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

AA ကပစ်ခတ်သည့် လက်နက်ကြီးကျည် ၃လုံး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း ကျရောက် ပေါက်ကွဲခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဧပြီ ၁၀/ ၂၀၂၄

ရက္ခိုင့်တပ်တော်(AA)မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၃ လုံးသည် ရခိုင်ပြည်၏ အဓိက စစ်ဌာချုပ်တစ်ခုဖြစ်သည့် အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို  ကျရောက် ပေါက်ကွဲခဲ့သည်ဟု  အမ်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

ထိုသို့ ကျရောက်ပေါက်ကွဲခဲ့သည်ကို ယမန်နေ့ ဧပြီ ၉ ရက် နေ့ ညနေ ၇ နာရီခွဲခန့်က တပ်အနီး မလှမ်မကမ်းကနေ မြင်တွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

“ အမ်းမြို့အနီးတစ်ဝိုက်ကိုတော့ စစ်ကောင်စီက နေ့တိုင်း လက်နက်ကြီးကျည်နဲ့ပစ်ခတ်တာ။ လေယဉ်နဲ့ဗုံးကြဲတာတွေ ရက္ခိုင့်တပ်တော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာတွေ ရှိနေတယ်။ မနေ့က ဆိုရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်နက်ကျည် ၃ လုံးကျတယ်။ ထိခိုက်ပျက်စီးမှုတော့မသိရဘူး။ ရက္ခိုင့်တပ်တော်ဖက်က ဒီလိုမျိုးပစ်တယ်ဆိုတာက အမ်းမှာ တိုက်ပွဲအရှိန်မြင့်လာတယ်လို့ ပြောလို့ရတယ်” ဟုပြောသည်။

ယင်းနောက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိအဆင့် စစ်ဗိုလ်များအပါအဝင် တပ်ဖွဲ့ဝင် တချို့သည်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးနေမှုများရှိနေသည်ဟု စစ်ရေး သတင်းရင်းမြစ် တချို့ကပြောသည်။

“ အခုဆိုရင် ထွက်ပြေးနေကြတဲ့အထဲမှာ အရာရှိအဆင့်တွေပါတယ်။ သူတို့က ရက္ခိုင့်တပ်တော် ဘက်ကို ဆက်သွယ်ဖို့ အခက်ခဲရှိကြလို့  ကိုယ့်နည်းကိုယ့်ဟန်နဲ့ထွက်ပြေးနေကြတဲ့ စစ်သားတွေ အများကြီးရှိနေတယ်။ အမ်းမှာ စစ်ကောင်စီတွေက စိတ်ပိုင်းဆိုင်ရာအရ ပျက်စီး ထိခိုက်မှုတွေ ရှိနေကြတယ်။ နပခအထိ စစ်ရေးအရ ပြင်းထန်လာတော့ သူတို့အတွက် မလုံခြုံတော့ဘူးလေ။  အမ်းမြို့အဝင်အထွက်က ပိတ်ထားတာလေ” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိရဉ္စရာအနေနှင့်  သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေပြီး လတ်တလောတွင် နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်နေဆဲဖြစ်သည်။

၎င်းအပြင် ဧပြီလ ၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ် (၃၇၃) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး  အမ်းမြို့နယ်၊ ကြောင်ဖြူကွင်းကျေးရွာမှ မောင်ဆန်းလင်းထွန်း (၁ဝ) နှစ် မှာ သေဆုံးခဲ့သည်။

အမ်းတွင် ယနေ့ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ အထိ  အမြောက်တပ်၊ ခမရ (၃၇၃)၊ တမိုင်ကုန်း အပြင် အမ်းမြို့အခြေစိုက်တပ်ရင်းများမှ   ကြောင်ဖြူကွင်းရွာ၊ နတ်တောင်နှင့် အနီးတဝိုက်ကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု အမ်းဒေသခံများကပြောသည်။ ( Photo- MPA)

ဆက်စပ် သတင်းများ