Preview

AA ပစ်ခတ်သည့် လက်နက်ကြီးကျည် အမ်းနပခအတွင်း ကျရောက်ပေါက်ကွဲ၍ စစ်ကောင်စီအရာရှိအချို့ သေဆုံး၊ ဒဏ်ရာရဟုသတင်းထွက်ပေါ်

ဧပြီ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :2859
ရခိုင် သတင်း

(အမ်းမြို့နေရာ ၄ ခုတွင် တိုက်ပွဲဖြစ်ပွားနေ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ဧပြီ ၁၀/ ၂၀၂၄

ရက္ခိုင့်တပ်တော်(AA)ကပစ်လိုက်သည့်လက်နက်ကြီးကျည်များသည် အမ်းအခြေစိုက်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီးဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီအရာရှိတချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု  သတင်းထွက်ပေါ်နေကြောင်း အမ်းဒေသခံတစ်ဦးကပြောကြားသည်။

ယမန်နေ့ ဧပြီလ ၉ရက်နေ့ညနေ ရ နာရီခွဲခန့်ကတိုက်ပွဲအတွင်း AA ကပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည်   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်အကူလက်ရုံးတပ်ထဲကို ကျရောက် ပေါက်ကွဲသဖြင့်  ဆက်သွယ်ရေးတပ်မှဗိုလ်မှူးတစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးပြီး နောက်ထပ် အရာရှိနှင့်တပ်သားတချို့ထိခိုက်ဒဏ်ရာရရှိကြကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကနိရဉ္စရာအားပြောသည်။

“ မနေ့က ညတိုက်ပွဲမှာရက္ခိုင့်တပ်တော်က ပစ်လိုက်တာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း  ကျသလို  စစ်အကူလက်ရုံးတပ်ထဲ ကျရောက်ပေါက်ကွဲပြီး ဆက်သွယ်ရေးတပ်က ဗိုလ်မှူးတစ်ယောက်သေတယ်။ ဆက်သွယ်ရေးတပ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဆိုရင် လမ်းတစ်လမ်းပဲခြားတယ်။အဲဒီအချိန်ကစပြီး အဲဒီဗိုလ်မှူးက ပြင်းထန်ဒဏ်ရာရနေတာ။ ဒီနေ့နေ့လယ်မှာဆုံးသွားတယ်။ နာမည်ကိုတော့ စုံစမ်းနေပါတယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ယမန်နေ့ဧပြီ ၉ရက်နေ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနချုပ်အနီးတွင်ရှိသည့်စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်အတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဆက်သွယ်ရေးတပ်မှဗိုလ်မှူးထံတွင် လက်နက်ကြီး ကျည်စထိပြီးဒဏ်ရာပြင်းထန်ခဲ့ကာ ယနေ့ဧပြီလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ဆေးကုသမှု ခံယူရင်း သေဆုံးသွားခြင်းဖြစ်ကြောင်း  အမ်းဒေသခံတစ်ဦးကလည်း  နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

ယနေ့ဧပြီလ၁၀ရက်နေ့တစ်ရက်လုံး လုံးရွာအနီးရှိ နတ်စင်တောင်၊ ကြောင်ဖြူကွင်းရွာ အနီးရှိ တောင်တန်း၊ ခမ၇(၃၇၃) တပ်အနီးကတောင်တန်းများ၊တောဟိန်းတောင်ဗျူဟာကုန်း တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကြည်း၊ရေ၊လေဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့်ဒေသခံများမှာလည်း စိုးရိမ်နေရကြောင်း အမ်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကနိရဉ္စရာ သတင်းဌာန ကိုပြောသည်။

“ တိုက်ပွဲက  နေရာ ၄ ခုမှာပြင်းထန်နေတယ်။ စစ်ကောင်စီဖက်ကလည်း သူတို့တိုက်လို့ရရတဲ့ နည်းနဲ့တိုက်နေပါတယ်။ အမ်းလေယာဉ်ကွင်းကလည်းလေယာဉ် အတက်အဆင်းတွေ တောက်လျှောက်ရှိနေတယ်။ ကျမတို့လည်း ဘယ်နေ့လက်နက်ကျည်ကျမလဲမသိဘူးဆိုပြီး စိုးရိမ်နေတယ်။ တောက်လျှောက်တစ်နေကုန်လက်နက်ကြီး၊လက်နက်ငယ်အသံကြားနေရပါတယ်”ဟုပြောသည်။

စစ်ကောင်စီသည်အမ်းမြို့အဝင်အထွက်ကို ပိတ်ထားသည့်အတွက် မြို့ပေါ်ဒေသခံများမှာ စားနပ်ရိက္ခာ ပြတ်တောက်အောင်ပြုလုပ်နေပြီးလူသားဒိုင်းကာအဖြစ်လုပ်နေသည်ဟု အမ်းဒေသခံများက ပြောသည်။

ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီ အရာရှိတချို့ သေဆုံးဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ နိရဉ္စရာမှ လတ်တလော သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အမ်းမြို့သိမ်းတိုက်ပွဲသည်အရှိန်အဟုန်ကောင်းနေပြီး စစ်ကောင်စီဖက်မှလည်း အမ်းမြို့ကိုအလွယ်တကူလက်မလွတ်ပေးနိုင်သည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ ရှိနေသဖြင့်  တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.