ခိုင်လူလှ (ရိုးမမြီ)/ နိရဉ္စရာ၊ဧပြီ ၁၁/၂၀၂၄
“ရက္ခိုင့်တပ်တော်”ကို“အာရက္ခတပ်တော်”သို့နာမည်ပြောင်းလဲခြင်းမှာ ရခိုင်ပြည်အတွင်း မှီတင်း နေထိုင်ကြသူများအားလုံးကို ကိုယ်စားပြုလို၍ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
“ ရက္ခိုင့်တပ်တော်ဟာ အာရက္ခပြည်တွင်းမှာမှီတင်းနီထိုင်ကြတဲ့ အာရက္ခပြည်သားတွေအားလုံးကိုကိုယ်စားပြုတဲ့ တခုတည်းသော နာမည်ဖြစ်တဲ့အတွက်အာရက္ခတပ်တော်ဟာ အသင့်တော်ဆုံး နာမည်ဖြစ်တာကြောင့် "အာရက္ခတပ်တော်" ဆိုတဲ့နာမည်ကို ပြောင်းလဲခေါ်ဝေါ် သုံးနှုန်း၇တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
၂၀၂၄ ခုနှစ် ဧပြီ ၁၀ ရက်နေ့ တွင် ကျရောက်သည့် (၁၅) နှစ်မြောက်ရက္ခိုင့်တပ်တော်နေ့သို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပေးပို့သော သဝဏ်လွှာတွင်ရက္ခိုင့်တပ်တော်အစား အာရက္ခတပ်တော်ဟု ခေါ်ဝေါ်သုံးစွဲသွားခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ် နာမည်ပြောင်းလိုက်ခြင်းမှာဟုတ်မှန်ကြောင်း၊ အဓိက ရခိုင်ပြည်တွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများအားလုံးကိုကိုယ်စားပြုလို၍ အာရက္ခ အမည်ကို သုံးစွဲ၇ခြင်းဖြစ်ကြောင်း ပြောကြားသည်။
“ အာရက္ခဆိုတာက ရှေးခေတ်ကတည်းက ရခိုင်ဒေသကို ခေါ်ဝေါ်တဲ့ စကားလုံးပါ။အဓိပ္ပါယ် လေးနက်ပြီး ရခိုင်ပြည်အတွင်းမှာနေထိုင်တဲ့သူတွေအားလုံးကို ကိုယ်စားပြုတဲ့စကားလုံးပါ။ဒါကြောင့် ဒီနာမည်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” ဟုဆက်လက်ပြောဆိုသည်။
တပ်တော်နာမည်အား “ အာရက္ခတပ်တော်”သို့ အမည်ပြောင်းပြီး တပ်တော်တွင် တာဝန် ထမ်းဆောင်နေသည့် စစ်သည်တော်များအားလည်း“ အာရက္ခစစ်သည်တော်များ”အဖြစ်အမည် ပြောင်းလဲသုံးစွဲသွားတော့မည်ဖြစ်ကြောင်း သိ၇သည်။
“ အာရက္ခတပ်တော်”ကို၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် KIO/KIA ထိန်းချုပ်ရာလိုင်ဇာတွင် မျိုးချစ် ရက္ခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာရက္ခတပ်တော်၏စစ်သည်အင်အား ၅၀၀၀၀ခန့်ရှိနေပြီဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ပြောဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ပလက်၀ဒေသအပါအဝင် မြို့နယ် (၉)ခုအား တိုက်ခိုက် သိမ်းပိုက်ထားပြီး အမ်းမြို့ရှိ အနောက်ပိုင်းစစ်ဌာချုပ်အပါအဝင် ဘူးသီးတောင်မြို့ရှိစစ်တပ် တပ်ရင်းများနှင့် မောင်တောမြို့နယ်ရှိနယ်ခြားစောင့် စခန်းများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းများ ရရှိသည်။