သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

စစ်တွေမြို့မှ မြို့ပြင်သို့ စက်လှေဖြင့် ထွက်ခွာသည့် ဒေသခံ သုံး ဦး ဖမ်းဆီးခံရပြီး ပါလာသည့်ပစ္စည်းများလည်း သိမ်းဆည်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 614

အေးမြတ်ခိုင်

နိရဉ္စရာ၊ ဧပြီလ ၁၁/၂၀၂၄

ရခိုင်ပြည် မြို့တော် စစ်တွေမြို့မှ စက်လှေဖြင့် မြို့ပြင်သို့ ထွက်ခွာသည့် ဒေသခံ သုံးဦးကို စစ်ကောင်းစီက ဖမ်းဆီးသွားပြီး ၄င်းတို့တွင်ပါလာသည့် ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၁၀ နာရီ ၉ မိနစ်ခန့်တွင် စစ်တွေမြို့၊ ရွှေပြည်သာဘက်မှ စက်လှေဖြင့် မြို့အပြင်သို့ ထွက်ခွာသည့် ဒေသခံသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"မြို့က ထွက်ဖို့ သွားလာခွင့်ရဖို့ဆိုရင် ပိုက်ဆံကို ပုံပေးပြီးမှ ခိုးထွက်ကြရတာပါ။ အခုလို အချိန်မျိုးမှာ သွားရဲတယ်ဆိုတာ ငွေပေးထားတယ်။ စိတ်ချရတယ်ဆိုပြီး သွားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဟိုအကောင်တွေက စက်လှေထွက်ခါနီး လာဖမ်းသွားတယ်။ လူ သုံးယောက်ပါပါတယ်။ အဝတ်အထည်တွေနဲ့ စားသောက်ကုန်တွေလည်း ပါတယ်လို့ သိရတယ်။ အကုန်သိမ်းသွားပြီ"ဟု ပြောသည်။ 

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးတို့ကို ဖြတ်တောက်ထားခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)က မြို့ ၉ မြို့အထိ သိမ်းပိုက်ပြီးနောက်တွင် မသိမ်းပိုက်ဘဲ ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့များ၌ ဒေသခံများကို စစ်ကောင်စီက သွားလာခွင့်များ ပိုမိုတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက "ဒီနောက်ပိုင်းမှာ ပိုတင်းကျပ်ပါတယ်။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်းကပဲ။ တချို့တွေကို ဖမ်းလိုက်၊ပိုက်ဆံပေးရင် ပြန်လွှတ်လိုက်နဲ့ စီးပွားရေးဆန်ဆန် ဖမ်းတာတွေလည်း ရှိတယ်။ တချို့ကိုတော့ ပိုက်ဆံလည်း မပေးနိုင်ရင် ဆက်ဖမ်းထားပါတယ်။ လူတွေကလည်း သူတို့ရှိနေတော့ စစ်မှုထမ်းရမှာကြောက်လို့က တစ်ကြောင်း၊ စစ်ပွဲဖြစ်မှာ ကြောက်လို့က တစ်ကြောင်း ‌နယ်တွေ၊ အေအေထိန်းချုပ်ထားတဲ့နေရာတွေကို  စွန့်စားပြီး အဆင်ပြေသလို ပြေး‌နေကြရပါတယ်။ မပြေးနိုင်တဲ့ လူနည်းစုပဲ ကျန်တော့တာပါ" ဟု ပြောသည်။

 စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူမြို့တို့မှ ပြည်သူများအား ဘေးလွတ်မည့်နေရာများသို့ သွားရောက်တိမ်းရှောင်ကြရန်၊  အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားကြရန် ဧပြီလ ၁၀ ရက်နေ့က ကျရောက်သည့်  (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့သို့ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြတိုက်တွန်းထားသည်။

ဆက်စပ် သတင်းများ