တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်တွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရ ( ဒေသခံများ၏ လယ်မြေ၊ ကျေးရွာများအနီး စစ်တပ်က မိုင်းထောင်ထား၍ လူနှင့် ကျွဲနွားများ ထိခိုက်မှုဆက်တိုက်ရှိနေဟုဆို )


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 906

အေးမြတ်ခိုင်

နိရဉ္စရာ၊ ဧပြီလ ၁၁/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၉ ရက် နံနက် ၉ နာရီခန့်တွင် မလကျွန်းအရှေ့ဘက်ရှိ ငကောင်းစုနှင့် ဖိုးခေါင်တင် တောင်ချိုင် သို့ ဟင်းရှာသွားသည့် ဦးစိုးမင်းထွန်း(ခ) ကိုငမျိုးသည် နင်းမိုင်းမိကာ ညာဘက်ခြေထောက်ပြတ်သွား ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

"လောလောဆယ် ဆေးကုထားပါတယ်။ သူက လက်လုပ်လက်စားပါ။ မယားကလည်း ကိုယ်ဝန်နဲ့ ကလေးကလည်း နှစ်ယောက်နဲ့ဆိုတော့ မိုင်းထောင်ထားတာတွေ သိပေမယ့် စားဝတ်နေရေးအတွက် သွားရှာရတာပေါ့။ အခုက ရွာပြင်တောင်မထွက်နိုင်ဘူး။ ရွာပတ်လည်မှာ စစ်တပ်က အကုန်မိုင်းထောင်ထား‌ကြတယ်"ဟု ပြောသည်။

မိုင်းနင်းမိသူ ကိုငမျိုးသည် လက်ရှိအချိန်တွင် ကျောက်ဖြူဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သူကဆက် ပြောသည်။

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် ကျောက်ဖြူမြို့ကို လုံခြုံရေးတိုးမြှင့်သည့် အနေဖြင့် ရေတပ်နေဗီများနှင့် စစ်လက်နက်အင်အား၊ လူအင်အားဖြည့်တင်း မှုများဆက်တိုက်လုပ်ဆောင်နေကြောင်းသိရသည်။

ကျောက်ဖြူမြို့မှ ၉ မိုင်အကွာရှိ နတလကျောင်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ဒိုးတန်းတောင်တပ်စခန်း၊ သစ်ပုတ်တောင် ရေတပ်ဌာနချုပ်၊ တရုတ်ရေနံပိုက်လိုင်း နှင့် စစ်တပ်စခန်းများအနီးရှိ သစ်ပုတ်တောင်၊ စိုင်ခြုံဒွိန်၊ မင်းတက်တောင်၊ ကုလာဘာ၊ အောင်မင်္ဂလာ စသည့်ကျေးရွာပေါင်း ၂၀ ကျော်တွင် အရပ်သားများနှင့်အနီးဆုံး ကားလမ်းများ၊ တော၊တောင်၊ လယ်မြေများတွင် မိုင်းများထောင်ထားသည့်အတွက် ဒေသခံများ သွားလာ လုပ်ကိုင်စားသောက်၍မရ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ ဒေသခံများလုပ်ကိုင်စားသောက်သည့် ဆည်၊ လယ်မြေ နှင့် ကျေးရွာများ အနီးအနားတွင်  မိုင်းထောင်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲကြုံနေရပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ နှင့် ကျွဲ၊ နွား ထိခိုက်မှုများ ဆက်တိုက်ရှိနေကြောင်း ကုလာဘာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

 “သုံးရက် တစ်ခါ၊ လေးရက် တစ်ခါ၊ တစ်ပြင်လုံး လူမသွားနိုင်အောင် နတလကျောင်းက စစ်သားတွေ မိုင်းထွက်ထောင်တယ်။ တစ်လုံးနဲ့ တစ်လုံး လက်တစ်ကမ်းစာပဲ ကွာတယ်။ ခြုံစည်းရိုးထိုးသလိုကို လုပ်ထားတာ။ ရွာပြင်ထွက်ရင် ကွဲတယ်။ ကုလာဘာရွာမှာဆို အိမ်နားတွေမှာတောင် လာထောင်တယ်။ ဒေသခံတွေက မသွားရဲမလာရဲ။ နေ့တိုင်း ကွဲသံကြားရတယ်။ တခါတလေ တစ်ရက်တည်းမှာ နွား ၅ ကောင်အထိ မိုင်းထိကြပါတယ်။ လူတွေလည်း ထိကြတာရှိတယ်။ စားဝတ်နေရေးကလည်းရှိတော့ မထွက်လို့မရတော့ တချို့က အရဲစွန့် သွားကြတယ်။ လူလည်း ငတ်၊ တိရိစ္ဆာန်လည်း ငတ် ဖြစ်နေပြီ “ ဟု ကုလာဘာကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မတ်လ ၂၇ ရက်က မင်းတက်တောင်မှ တစ်မိုင်ခန့်အကွာအဝေးရှိ လမ်းကွေ့လမ်းဆုံတွင် မိုင်းပေါက်ကွဲ၍ ပြိုင်းစေ့ကေကျေးရွာသားတစ်ဦး ဒဏ်ရာရရှိသွားပြီး နွား နှစ်ကောင် သေဆုံးခဲ့သည်၊၊

ထို့အတူ ဝတ်ဆံထောင့်‌ကျေးရွာတွင်လည်း မတ်လ ၃၀ ရက်က မိုင်းနင်းမိကာ အမျိုးသားတစ်ဦး ခြေထောက်ပြတ်တောက်ခဲ့ရပြီး ၂၂ ရက်နေ့တွင်လည်း မိုင်းနင်းမိသူကို သယ်ဆောင်ရန်သွားရာမှ ထပ်မံ မိုင်းပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း အချို့နေရာများတွင် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို ရက္ခိုင့်တပ်တော်က လိုက်လံ ရှင်းလင်းပေးခဲ့သော်လည်း စစ်တပ် တပ်ရင်း၊ စခန်းများနှင့် နီးကပ်စွာရှိနေသည့် ကျေးရွာများတွင် မိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ - ကျောက်ဖြူမြို့နယ် တစ်နေရာ၌ အာရက္ခတပ်တော်မှ မိုင်းရှင်းလင်းရေးလုပ်နေစဉ်

ဆက်စပ် သတင်းများ