တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်ကောင်စီက လမ်းများပိတ်ထားသဖြင့် စစ်တွေ၊ကျောက်ဖြူအပါအဝင် မြို့နယ်တချို့တွင် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များ ဘေးလွတ်ရာသို့ ရှောင်ရှားရန် အခက်တွေ့နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

သဉ္ဇာနွယ်

နိရဉ္စရာ၊ဧပြီ ၁၁/ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက လမ်းများပိတ်ထားသဖြင့် ကျောက်ဖြူ၊ စစ်တွေမြို့တို့အပါအဝင် မြို့နယ်အချို့တွင် သက်ကြီးရွယ်အို၊ ကလေးနှင့် အမျိုးသမီးအပါအဝင် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်ရှားရန် အခက်တွေ့နေကြောင်းသိရသည်။

စစ်တွေမြို့ဒေသခံတစ်ဦးက “ သက်ကြီးရွယ်အိုနဲ့ လူမမယ်ကလေးတွေ၊ အမျိုးသမီးတွေအများကြီးရှိနေပါတယ်။ လေကြောင်းတစ်ခုပဲရှိတယ်။လေယာဉ်နဲ့ ရန်ကုန်သွားဖို့ဆိုတာကလည်း ကျနော်တို့လို လက်လုပ်လက်စားတွေအတွက် အရမ်းခက်ခဲတယ်။ လေယာဉ်စရိတ်တစ်ခုထဲ မဟုတ်ဘူး ရန်ကုန်ရောက်ရင် နေစရိတ်စားစရိတ်ကအစ ပူပန်နေရမယ်။  စစ်ကောင်စီက လမ်းတွေပိတ်ထားတော့ ထွက်ပေါက်မရှိဘူး။ သွားရင်လည်း ဖမ်းတယ်။ မနေ့ညက လည်း မြို့ပြင်ကို ထွက်တဲ့ ကားတစ်စီးအဖမ်းခံရတယ်ကြားတယ်။  စစ်တွေကိုပြန်လာဖို့ လုပ်နေတဲ့ ရန်ကုန်ကလူတွေလည်း မလာတော့ဘူး။ မီးကိုတောင် ညဖက် ၉ နာရီမှပေးတယ်။ပြည်သူတွေအကုန်လုံးက သွားချင်တာပေါ့စိတ်ဓာတ်တွေ အရမ်းကျနေပါတယ်။  ” ဟုပြောသည်။

စစ်တွေမြို့တွင် မြို့အဝင်ဂိတ်ကားလမ်းတလျှောက်နှင့် စက်လှေကပ်သည့် ဆိပ်ကမ်းများ တစ်ခုမကျန် စစ်ကောင်စီက ကင်းပုန်းများချထားပြီး လမ်းသွားလမ်းလာများ၊ ခရီးသွားများအား စစ်ဆေးရေးတင်းကျပ်နေသဖြင့် စိုးရိမ်နေကြကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့ ဆတ်ရိုးကျတံတားအဆင်းဂိတ်တွင်လည်း လုံခြုံရေးချထားပြီး လမ်းသွားလမ်းလာများကို မှတ်ပုံတင်၊ ဆိုင်ကယ်ဘောက်များကို လည်း စစ်ဆေးလျက်ရှိသည့်အပြင် မိုင်းထောင်မှုများလည်းရှိနေသည့်အတွက် စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်တွေမြို့မှ မွတ်ဆလင်တစ်ဦးက " ကျွန်တော်တို့ကို AA က ဘာမှမလုပ်ဘူး။ ဒီစစ်ကောင်စီကပဲ အမျိုးမျိုးဖိနှိပ်နေတာပါ။အနီးအနားမှာ လက်နက်ကြီးတွေပစ်ကြတယ်။ စစ်တွေမြို့တွင်းကိုလည်းလက်နက်ကြီးတွေကျတယ်။ ကျွန်တော်တို့ မွတ်ဆလင်တွေ ဘယ်မှ သွားလာခွင့်မရကြဘူး။ ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူး" ဟုပြောသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ဝန်ထမ်းနှင့် လက်လုပ်လက်စားဒေသခံတချို့မှာ ပိတ်မိကျန်နေခဲ့သဖြင့် အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်းပြောသည်။

ကျောက်ဖြူမြို့မှ ကလေးမိခင်တစ်ဦးက “ ထွက်ပြေးဖို့ကလည်း လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူးမရှိဘူး။ မိုင်းထောင်ထားတာတစ်မျိုး၊ ရေလမ်းနဲ့သွားမယ်ဆို ကူးတို့သမား(စက်လှေသမား) တစ်ယောက်ကို ပိုက်ဆံ တစ်သိန်းပေးရတယ်။ မနေ့ကလည်း သွားတဲ့သူတွေတော့ရှိကြပါတယ်။ မြို့‌ပေါ်မှာ လေးပုံ တစ်ပုံလောက်ပဲရှိတော့တယ်” ဟုပြောသည်။

ကျောက်ဖြူမြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များသည် ငလပွေ့ဆိပ်ကမ်း၊ကရင်တောဆိပ်ကမ်း၊တောင်ရှည်တောင်နား၊ ကျောက်တစ်လုံးဂိတ်၊ ခမရ(၃၄)၊ခမရ (၅၄၂)၊ ခမရ(၅၄၃) များတွင်ရှိသည်ဟု မြို့ခံများကပြောသည်။

နောက်ထပ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက " ကျွန်မတို့က ဝန်ထမ်းဆိုတော့ ဘယ်ကိုမှ ပြေးခွင့်မရဘူး။ ကျောက်တလုံးဂိတ်မှာ စစ်တယ်။ ကလေးနဲ့ဆိုတော့စိုးရိမ်နေရတယ်" ဟုပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ကြားတွင် လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြင်းထန်လာပြီး ရခိုင်ဒေသခံများမှာ ရန်ကုန်အပါအဝင် နီးစပ်ရာဆွေမျိုးများ၊ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေကြသည်။

ရခိုင်ပြည်တစ်ခုလုံး စစ်ဘေးရှောင် ၃ သိန်းကျော်အထိရှိနေပြီး ကျောက်ဖြူနှင့် စစ်တွေမြို့များအပါအဝင်မြို့နယ်တချို့မှ ဒေသခံများကို ရှောင်ရှားကြရန် AA က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ