နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၄
စစ်ကောင်စီက အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာနိုင်၍သင်္ကြန်ကာလ အတွင်း လူစုလူဝေး မပြုလုပ်ကြ၇န အချက် (၃) ချက်ဖြင့် အာရက္ခမိဘပြည်သူများသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဧပြီ ၁၁ ရက်နေ့စွဲဖြင့် မေတ္တာရပ်ခံပန်ကြားချက်ထုတ်ပြန်သည်။
အဆိုပါ အချက် ၃ ချက်မှာ
၁။ လူအများအပြားစီးနင်လိုက်ပါလာသည့်ကားများဖြင့် မြို့ပြဒေသများ၊တစ်မြို့နှင့် တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာကြား ကခုန်လှည့်ပတ်ပြီး ရေကစားခြင်း
၂။ လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ၊ Showပွဲများပြုလုပ်ခြင်း။
၃။ ဘုန်းတော်ကြီးကျောင်းများ၌ လူစုလူဝေးကြီးဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊အလှူအတန်းများ ပြုလုပ်ခြင်းတို့ကိုလည်း “ လုံး၀”မပြုလုပ်ကြရန် ဟု ပါရှိသည်။
စစ်ရှုံးအကြမ်းဖက် စစ်ကောင်စီသည် စစ်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့်အပြစ်မဲ့ ပြည်သူများကို အလိုက်အငိုက်ချောင်းကာ ဦးတည်တိုက်ခိုက်တတ်သော အကျင့်ရှိသောကြောင့်သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်များ အစုလိုက် အပြုံလိုက်သေဆုံးမှု ထိခိုက်ဒဏ်ရာရမှုများမှကြိုတင် ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် အထက်ဖော်ပြပါ လိုက်နာရမည့် အချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟုထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ရက္ခိုင်ဒေသအတွင်း၌ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည်နေ့စဉ် ရက်ဆက် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် အပြင် တစ်ရက်ထက် တစ်ရက် တိုက်ပွဲများပြင်းထန်လျက်ရှိနေဆဲပင်ဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီသည်မိမိတို့အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသော ဒေသများတွင်သာမက မိမိတို့မှနောက်ထပ် သိမ်းပိုက်ရန်ကြိုးပမ်းနေသော နေရာများတွင်ပါ လူစုလူဝေးဟု ယူဆရသည့် နေရာများအားအလစ်ချောင်း အငိုက်ဖမ်းပြီး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး များဖြင့်ဦးတည်ပစ်ခတ်ခြင်း တို့ကို ပြုလုပ်ရန် နေ့စဉ် ရက်ဆက်ကြိုးပမ်းလျက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
ထို့ကြောင့် ယခုအချိန်ကာလသည် စစ်ရေးပြင်းထန်နေသည့် ကာလဖြစ်သည့်အလျောက် မကြာမီကျရောက်မည့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးပြုလုပ်ပြီးပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ကြရပါရန် အာရက္ခမိဘပြည်သူများအား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်ဟုဖော်ပြပါရှိသည်။