သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်ရေးရှိနေသေးသည့် ဘူးသီးတောင်မြို့ပေါ်တွင် အသက် ၃၀ အရွယ် လူငယ် ၂ ဦးသတ်ဖြတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဟုဆို)

သဉ္စာနွယ်၊ နိရဥ္စရာ၊ ဧပြီ ၁၂/ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်ရေးရှိနေသေးသည့်  ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်တွင် သတ်ဖြတ်ခံထားသည့် အသက် ၃၀ အရွယ် လူငယ်နှစ်ဦး၏ အလောင်းများကို ဧပြီ ၁၁ ရက် နံနက်ပိုင်းကတွေရှိခဲ့ကြသည်ဟုသတင်းရရှိသည်။

အသတ်ခံထားရသူနှစ်ဦးမှာ ဘူးသီးတောင်မြို့၊ အမှတ် () ရပ်ကွက်မှ ကိုမင်းသိန်းဇံ (၃၂) နှစ်နှင့် အမှတ်() ရပ်ကွက်မှ ပညာ‌ရေးဝန်ထမ်း ကိုထွန်းထွန်း (၃၂) တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးကသူတို့  နှစ်ယောက်သေနေတာကို မနေ့က မနက်ပိုင်းကတွေ့တယ်။ နှစ်ယောက်လုံးက လည်ပင်းလှီးခံရပြီး ခြေဖနောင့်တွေပါ အလှီးခံထားရတယ်။ ပညာရေးဝန်ထမ်းက တစ်ဦးပါတယ်။  ဘယ်သူက ဒီလို လုပ်ရပ်ကို ကျူးလွန်သလဲဆိုတာ သက်သေပြဖို့ မရှိသေးဘူး။ ဒါပေမယ့် ဘယ်သူတွေ ကျူးလွန်သလဲ ဆိုတာတော့ လူတွေအကုန်လုံးသိပါတယ် ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

လက်ရှိ ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးအများစုမှာ စစ်ကောင်စီတပ်နှင့် ၎င်းတို့ သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားသည့် မွတ်ဆင်လင်များ၏ ရန်ကို ကြောက်၍ မြို့ထဲမှ ထွက်ပြေး တိမ်းရှောင်နေကြသည်။

လူအနည်းငယ်သာ အိမ်စောင့်ကျန်နေခဲ့ကြချိန်တွင် ယခုလို သတ်ဖြတ်ခံခဲ့ကြရခြင်းဖြစ်သည်။

စစ်ဘေး‌ရှောင်နေသူ ဘူးသီးတောင်မြို့ခံတစ်ဦးက အဓိက လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့သူတွေရှိတယ်။ စစ်တပ်ကိုယ်တိုင်ကလည်း မွတ်ဆလင်ရာနဲ့ချီပြီး စစ်သင်တန်းပေးပြီး ပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတယ်။ လက်နက်ကိုင်ထာတဲ့ မွတ်ဆလင်တွေက ညဉ့်အချိန်တွေ  ရခိုင်အိမ်တွေကို ဖောက်ထွင်း ယူဆောင်နေတာတွေရှိတယ်။ ဒီလိုလုပ်ဖို့ စစ်တပ်က နောက်ကနေ အားပေးအားမြောက်လုပ်နေတယ်။ အခု အိမ်စောင့်ကျန်နေခဲ့သူ လူနှစ်ဦးကို ရက်စက်စွာလည်လှီးသတ်ဖြတ်သွားကြပြီ။ ကျွန်တော်တို့ မြို့ခံတွေအနေနဲ့ တရားမျှတမှုကို ရစေချင်တယ် ဟုပြောသည်။

ဘူးသီးတောင်တွင် မတ်လမှ လက်ရှိဧပြီလ အထိ စစ်ကောင်စီတပ်သားများနှင့် စစ် သင်တန်းဆင်း မွတ်ဆလင်များ ပူးပေါင်းကာ လူနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများကို ယူဆောင်ခြင်း၊  နေအိမ်များကို ဖြိုဖျက်ခြင်းများကို နေ့စဥ်ရက်ဆက် ပြုလုပ်လျက်ရှိသည်ဟု မြို့ခံများကပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးက ဒီလိုမျိုး အိမ်တွေကို ဖောက်ပြီး အိမ်ထဲ ပစ္စည်းတွေကို ယူနေတာကို ကိုယ်တိုင်မြင်ခဲ့ရသူတွေရှိတယ်။ စစ်သားတွေ အားပေးအားမြောက်နဲ့ သူတို့တွေ နေအိမ်တွေကို ဖျက်ဆီး ပြီး ယူဆောင်နေတာကို  ကြုံတွေ့ မြင်တွေ့ခဲ့ရသူတွေ ကိုယ်တိုင်ရှိပါတယ်ဟု ပြောဆိုသည်။

သတ်ဖြတ်ခံထားရသူ နှစ်ဦး၏ အလောင်းကို ဘူးသီးတောင်မြို့၊ အမှတ်() ရပ်ကွက်အနီးတွင် ယမန်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ရပြီး လက်ရှိတွင် သေဆုံးသူနှစ်ဦးကို သင်္ဂြိုလ်လိုက်ပြီ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဘူးသီးတောင်မြို့တွင် အရပ်သားနှစ်ဦးကို လည်လှီးသတ်ဖြတ်မှုသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က စတင်ခဲ့သည့် အာရက္ခတပ်တော်၏ ရခိုင်တိုက်ပွဲ၅ လ ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ