Preview

မောင်တောကြိမ်ချောင်းစခန်းကြီးကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန်

ဧပြီ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :2462
ရခိုင် သတင်း

(၎င်းစခန်းမှ စစ်ကောင်စီအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိ၊ သုံ့ပန်းတချို့ နှင့်၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီး၇မိ)  

 နိရဉ္စရာ၊ ဧပြီ ၁၃/၂၀၂၄  


၇ခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော် တပ်စွဲနေရာယူထားသည့် ကြိမ်ချောင်းစခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ သတင်းထုတ်ပြန်သည်။

 

၎င်းကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ (၁၅၀) ခန့်ရှိသော စခန်းကြီး တစ်ခုဖြစ်ကြောင်း၊  ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန် ခုခံနေသောဗျူဟာ စခန်းကြီးတစ်ခုလည်း ဖြစ်ကြောင်း၊ ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊  လက်နက်ခဲယမ်း များစွာကိုလည်း သိမ်းဆည်း၇မိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခတပ်တော်အနေဖြင့် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါကြောင်း၊ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါ၇၀ပြုအပ်ပါကြောင်း ဖော်ပြထားသည်။

 

တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထုတ်ပြန်ချက်ထဲတွင် ထပ်မံသတိပေးထားသည်။

 

အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။  

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.