ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

(စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရ၊ အာရက္ခစစ်သည်တော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း  AA သတင်းထုတ်ပြန်)

 နိရဉ္စရာ၊ ဧပြီ ၁၃/ ၂၀၂၄


ရခိုင်ပြည်အတွင် အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမ်း၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ အဓိက တိုက်ပွားနေသည်ဟု AA ၏ ဧပြီ ၁၂ ရက်နေ့  တပ်တော်၏ သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာရက္ခတပ်တော် (AA)မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ထုတ်ပြန်ချက်ထဲတွင် “ ယခင်ရက်များ၌လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများရှိခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခဲ့သည်” ဟု ဖော်ပြသည်။

 

 ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၃) နာရီ (၄၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊   ရန်သူသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

 

 နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟုဆိုသည်။

 

၎င်းအပြင် ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ  ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ တိုက်ပွဲအတွင်း အာရက္ခတပ်တော်ဘက်မှလည်း အလတ်စားဒဏ်ရာရှိသူများရှိခဲ့သည်ဟု ဆိုသည်။  

 

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တော ကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

မိမိတို့အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသော အကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊  တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးလိုက်ကြောင်း ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ