တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

သံတွဲနှင့်တောင်ကုတ်အကြား တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

ရေစင်ကျေးရွာမှနေ၍ စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်ပြီး လမ်းနဘေးနှင့် တောင်တန်းများတွင် တပ်ဖြန့်ထား

လူထက်နိုင်(ဒွာရာမြီ)/နိရဉ္စရာ၊ ဧပြီ ၁၃ / ၂၀၂၄

ရခိုင်ပြည်နယ် သံတွဲမြို့ ရှိ ကွေ့ချောင်းရွာနှင့် ရေစင် ကျေးရွာကြားတွင် ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ-တောင်ကုတ်လမ်းအား ရေစင်ကျေးရွာမှ စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်ပြီး လမ်းနဘေးနှင့် တောင်တန်းများတွင် တပ်ဖြန့်ထားကြောင်း ဒေသခံများက နိရဉ္စရာ သို့ပြောသည်။

“ရေစင်ရွာနား မ၀င်ခင် ဘုန်းကြီးကျောင်းနားကပဲစချထားတာ အဲ့ဒီဘုန်းကြီးကျောင်းနားကနေ တံတားပေါ်ထိ စစ်ကောင်စီတပ်က ပိတ်ထားတာ ဘယ်သူမှမဖြတ်ရဘူး။ရေစင်ရွာကိုလည်း အဝင်အထွက် ပိတ်လိုက်ပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

ရေစင်ကျေးရွာမှ ဖြတ်သန်းသွားလာရသည့် တောင်ပေါ်ချင်းတိုင်းရင်းသားရွာများဖြစ်သော ပွင့်ဖြေ၊လက်မဲ ကျေးရွာများရှိ တောင်တန်းများတွင် အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေစင်ရွာအနောက်ဖက်အထွက်ရှိ လယ်တောများ လယ်တဲများအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက အတည်ပြုသည်။

ရေစင်ကျေးရွာ အနောက်ဘက်နှင့် ပွင့်ဖြေ၊ ကျားကြီး၊ ပုလဲကျေးရွာများသို့သွားသော တောလမ်းများ၊ ကိုင်းခင်းများ၊လယ်တောများ၊ စမ်းချောင်းနှင့် လက်ယက် ရေတွင်းများ ၊တောစပ်များတွင် စစ်ကောင်စီတပ်က မိုင်းထောင်နေကြောင်းလည်း ဒေသခံတစ်ချို့မှပြောဆိုကြသည်။

လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများအား နံနက် ၅ နာရီအချိန်ခန့်တွင် စတင်ကြားရခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ပစ်ခတ်သံများ ရပ်တန့်သွားပြီး နံနက်ခင်းဈေးသွားမည့်သူများနှင့် ကိုင်းခင်းများ၊လယ်ယာတောများသို့ သွားရောက်မည့်သူများ မသွားလာရဲဖြစ်နေစဉ် စစ်ကောင်စီတပ်မှ ရေစင်ကျေးရွာအား သွားလာခွင့်ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ရေစင်ကျေးရွာအနီးတွင် အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)က လမ်းသွားလမ်းလာများအား စစ်ဆေးနေကြောင်း၊ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များအား စစ်ကောင်စီပစ်ခတ်၍ သေဆုံးသွားကြောင်းသတင်းများ ဖော်ပြနေကြသော်လည်း ရေစင်ကျေးရွာနှင့်အနီးအနားရှိ ဒေသခံများကမူ မဟုတ်မှန်ကြောင်း နိရဉ္စရာ ကိုပြောသည်။

“ အေအေက ပစ်ပြီးဆုတ်သွားတာ စစ်မြူတာလို့ထင်တယ်။ဘယ်လို အေအေက လမ်းမှာ စစ်ဆေးမှာလဲ အခုရေစင် လမ်းတစ်လျှောက်စစ်တပ်က လမ်းဘေးတွေမှာတောင် ကင်းပုန်းတွေနဲ့ စာနီတောင်တို့ ဘာတောင်ဂိတ်တွေက စစ်သားတွေပါ အဲ့မှာသွားပေါင်းနေကြတာ” လို့ ဇိမ်ချောင်းတိုက်နယ်မှ ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဦးမှပြောသည်။

ယခင်က သံတွဲဒေသတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိပဲ ရေတပ်ကသာ သံတွဲအနီး ပင်လယ်ပြင်မှနေ၍ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများသာရှိရာမှ ယခုအချိန်တွင်တိုက်ပွဲဖြစ်ပွားလာ ခြင်းဖြစ်သည်။

ကွေ့ချောင်းရွာနှင့် ရေစင်ရွာသည် သံတွဲတောင်ကုတ်ကားလမ်းမပေါ်တွင်တည်ရှိပြီး  ရွှေလှေကျေးရွာ နှင့် သံတွဲမြို့ကြားရှိကျေးရွာများဖြစ်ကာ  ရေစင်လမ်းဆုံတွင် စစ်ကောင်စီတပ်အင်အား ၄၀ ခန့် စခန်းချနေရာမှ ယခုအခါတွင် အရပ်ဝတ်များနှင့်စစ်သားများအပါအဝင် အင်အား ၁၀၀ခန့်ရှိနိုင်ကြောင်းသိရသည်။

ရေစင်ရွာသည်  သံတွဲမြို့နှင့် ၉ မိုင်အကွာ တောင်ကုတ်-သံတွဲလမ်းမပေါ်တွင်တည်ရှိပြီး သံတွဲမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြားပထမဆုံးတိုက်ပွဲဖြစ်သောနေရာဖြစ်လာခဲ့သည်။

ဆက်စပ် သတင်းများ