တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တော တမန်းသားရွာတွင် စစ်ကျန်လက်နက်ဗုံးသီးကို ထုခွဲကစားရာမှ ကလေး ၇ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 695

သဉ္ဇာနွယ်/နိရဉ္စရာ၊ ဧပြီ ၁၃/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာတွင် ယနေ့ဧပြီ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်က စစ်ကျန်လက်နက်‌ဗုံး ကို ထုခွဲကစားရာမှ  အသက် (၄)နှစ်မှ (၁၁)အရွယ်ကြား ကလေးငယ်  ၇ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ တမန်းသားကျေးရွာမှ မောင်နေမြတ်လင်း အသက် (၈)နှစ်၊ မောင်ကျော်ဝင်း အသက် (၁၀) နှစ်၊  မောင် ဉာဏ်မြင့် အသက်(၈)နှစ်၊ မောင်အောင်အောင်ဌေး အသက် (၄)နှစ်၊ မောင်ကောင်းမြတ်စံ အသက် (၈)နှစ်၊ မောင်ဝင်းဌေး အသက် (၉)နှစ်နှင့် မောင်ဝင်းနိုင် အသက် (၁၁)နှစ်တို့ဖြစ်ကြောင်းသိရသည်။

မောင်တောဒေသခံတစ်ဦးက  " အဲ့ဒီကလေး‌တွေက ရွာအနားက ကွင်းပြင်တွေမှာ ကစား နေကြတာ။  တမန်းသားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လေ။ အဲ့ဒီတိုက်ပွဲတုန်းက ကျန်ခဲ့တဲ့ ဗုံးသီးကိုတွေ့လို့ ထုခွဲကြတာ ပေါက်သွားလို့ဒဏ်ရာ ၇ ယောက်ရတယ်။ အကုန်လုံး ယောက်ျားလေးတွေပဲ။  ၄ ယောက်က ဒဏ်ရာပြင်းတယ်" ဟု နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

ဒဏ်ရာရသည့် ကလေးများတွင် ဦးခေါင်၊ လက်၊ခြေထောက်၊ကျောကုန်း၊ပေါင်များတွင် ဗုံးစထိမှန်ပြီး လက်ရှိတွင် နီးစပ်ရာ ရပ်‌ ကျေးဆေးခန်းတွင် ဆေးကုသမှုပေးနေသည်ဟု မောင်တောမြို့က အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ကလေးတွေက စစ်ကျန်လက်နက် ဗုံးသီးမှန်းမသိကြဘူး။ ရပ်ရွာတွေမှာ အသိပညာပေးမှု အားနည်းတယ်။ မိဘတွေ ကိုယ်တိုင်က မသိတာမျိုးရှိတယ်။ အခုအဲ့ဒီဒဏ်ရာရတဲ့ကလေးတွေကိုတော့ ဆေးကုနေတယ်။ ၄ ယောက်ကတော့ သေမလားရှင်မလားမသိဘူး" ဟုပြောသည်။

တမန်းသားတွင် တမန်းသားအရှေ့ရခိုင်ရွာ၌ အိမ်ခြေ ၂၀ နှင့် တမန်းသားအနောက်ရခိုင်ရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ၎င်းကျေးရွာသည် မောင်တောမြောက်ပိုင်း ကြိမ်ချောင်းမှ (၉) မိုင်ခန့် အကွာတွင် တည်ရှိသည်။

တမန်းသား နယ်ခြားစောင့်တပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၂၆ရက်နေ့က အာရက္ခတပ် တော်မှသိမ်းပိုက် ထားပြီး  တပ်ဖွဲ့ဝင် ၉၀ ကျော်သည်လည်း အာရက္ခတပ်တော်ထံ လက်နက်ချခဲ့သည်။ 

ဆက်စပ် သတင်းများ