အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ကျောက်ဖြူမြို့နယ် ဥက္ကဋ္ဌဟောင်းဦးထွန်းလွင်ကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၁၄၊/ ၂ဝ၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကျောက်ဖြူမြို့နယ် ဥက္ကဋ္ဌဟောင်း ဦးထွန်းလွင်ကို ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၁ဝ နာရီခန့်က စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းသိရသည်။

ဦးထွန်းလွင်းကို ကျောက်ဖြူမြို့ရှိ စေတီတောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ အိမ်စီးကား အဖြူရောင် တစ်စီးဖြင့် စစ်ကောင်စီ စရဖ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက နိရဉ္စရာအားပြောသည်။

ဦးထွန်းလွင်၏ မိသားစုဝင်တစ်ဦးက " ဘာကြောင့်ဖမ်းတယ်ဆိုတာပြောသွားတာမရှိပါဘူး။ ဘယ်ကို ခေါ်သွားမှန်းမသိရသေးတဲ့အတွက် သူတို့ ဖမ်းလေ့ဖမ်းထရှိတဲ့နေရာတွေ၊ ခေါ်လေ့ခေါ်ထရှိတဲ့ နေရာတွေကို လိုက်စုံစမ်းနေပါတယ်။ လူမှုကွန်ရက်မှာတခါတလေ စာတွေဘာတွရေးတင်တာတော့ရှိတယ်။ အဲဒါကြောင့်ဖမ်းတာလား ဘာလားတော့ မသိရသေးပါဘူး" ဟုပြောသည်။

၎င်းအပြင် ဦးထွန်းလွင်၏ နေအိမ်မှ ကွန်ပျူတာလပ်တော့(၁)လုံးနှင့် ဖုန်း(၁) လုံးကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

" သူ့ဖုန်းကိုတော့ ဆက်လို့ဝင်ပါတယ်။ ဒါပေမယ့် မကိုင်ပါဘူး။ အခုလိုအချိန်မှာ ဒီလောက်ထိ ဖြစ်နေတဲ့အခြေနေတွေကြားထဲမှာဆိုတော့ လောလောဆယ် စိတ်ပူပါတယ်။" ဟုပြောသည်။

ဦးထွန်းလွင်မှာ ကျောက်ဖြူမြို့နယ်မှ  ၂ဝ၁၅ ခုနှစ်တွင်ကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် နေရာကို ALD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးထွန်းလွင်မှာ ကျောက်ဖြူမြို့နယ်နှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တစ်ခါတရံ ဖြေကြားခြင်း၊ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် လူမှုကွန်ရက်တွင် စာ၊ သတင်းများရေးသားမှုများရှိကြောင်းသိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ နေရာထိ အနိုင်ရရှိခဲ့သော ပါတီဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံ ပြန်မတင်သဖြင့် ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။


 

ဆက်စပ် သတင်းများ