တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲ သံတွဲမြို့နယ်ထိ ကျယ်ပြန့်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

(စစ်ကောင်စီတပ်နှင့် နေဗီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကျေးရွာတချို့တွင် ကျရောက်မှုများရှိ)

လူထက်နိုင် (ဒွာရာမြီ)/ သဉ္ဇာနွယ်၊ နိရဉ္စရာ၊ဧပြီ ၁၄/၂၀၂၄

ရခိုင်
တိုက်ပွဲမှာ တောင်ဘက်ပိုင်း သံတွဲမြို့နယ်အထိ ကျယ်ပြန့်လာပြီး ယနေ့ဧပြီ ၁၄ ရက်နေ့ နံနက် ၁၀နာရီခန့်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု သံတွဲမြို့နယ်မှ အမျိုးသမီး တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" သံတွဲမှာ လင်းမူးတောင်ရွာအနားက ရင်ဖုံးတောင်ဘုရားရှိတယ်။ အဲ့ဒီတောင်မှာ လက်နက်ကြီးအ‌ မြောက် တွေတပ်ဆင်ထားတယ်။ အဲ့ဒီအနားက ပစ်တာ။ လက်နက်အသံတွေ တော်တော်ကျယ်တယ်ပစ်နေတာ။ ထိတ်လန့်သွားတာပဲ" ဟု ပြောသည်။

လက်နက်ကြီးကျည်တချို့သည်  ဝါးနွယ်ပြင်ကျေးရွာအနီးသို့ ကျရောက်‌
ပေါက်ကွဲခဲ့သဖြင့် ကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့် နေကြသည်ဟု  ရွာသားတစ်ယောက်က နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

နေဗီကလည်းပစ်တာ။ တပ်ကလည်းပစ်တယ်
  ပျဉ်းဝရွာက လယ်ကွင်းမှာ လက်နက်ကျတယ်။ ဝါးနွယ်ပြင်ရွာက ဘုန်းကြီးကျောင်းမှာကျတယ်။ ထိခိုက်မှုတော့ မရှိပါဘူး။ ပြေးတဲ့သူကပြေး။ အိမ်အောက်ထဲဝင်ပုန်းသူက  ပုန်းနေရတယ်။ နာရီဝက်လောက်ကြာတယ်ပစ်တာ " ဟု သူမက ပြောသည်။

တစ်ခြား ကင်းမော်ရွာသား ဒေသခံ တစ်ဦးက ဝါးနွယ်ပြင် ရွာကိုကျတော့ ဘုန်းကြီးကျောင်း မှန်ကွဲတယ်၊ ရွာသားတွေမထွက်ရဲကြသေးဘူး။ နောက်ပျက်စီးတာတွေရှိတယ်လောလောဆယ် မသိရသေးဘူး၊ကင်းမော်ရွာ ကွင်းထဲတစ်လုံးကျတယ်၊ ဆိပ်ကြီးရွာ တောဖက် မြောင်ကြီးတောထဲ မီးလောင်နေတယ် ၊လက်နက်ကြီး ကျလို့၊ သံတွဲက ရွာတွေ ကို အကုန်လိုက်ပစ်နေတာ။ အေအေ ရှိတယ်ထင်တဲ့ ရွာတွေကို ပစ်တာဟု တစ်ဦးပြောသည်။

သံတွဲမြို့ ရှိ ကွေ့ချောင်းရွာနှင့် ရေစင် ကျေးရွာကြားတွင် ယမန်နေ့  ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက အာရက္ခတပ်တော်( ရက္ခိုင့်တပ်တော်)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ-တောင်ကုတ်လမ်းအား ရေစင်ကျေးရွာမှ စစ်ကောင်စီတပ်က ပိတ်ဆို့ထားလိုက်ပြီး လမ်းနဘေးနှင့် တောင်တန်းများတွင် တပ်ဖြန့်ထားကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၁၁ ရက်နေ့ ကလည်း ညနေ ၃နာရီ ခွဲခန့်ကလည်း သံတွဲမှ တောင်ကုတ်သို့အထွက် စစ်ကောင်စီ  ဘာတောင်ဂိတ်စခန်း၏ အနောက်ဖက်ရှိ တောင်တန်းနှင့်လယ်ကွင်းများ ဖက်မှ လက်နက်ငယ်သံများ ထွက်ပေါ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

လက်နက်ကြီးများနေ့စဉ်ပစ်ခတ်မှုရှိသဖြင့် ကျေးရွာ ၅ ရွာထက်မနည်းရှိ ဒေသခံများမှာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

သံတွဲမြို့ လင်းမူးတောင်ကျေးရွာရှိ ရင်ဖုန်းတောင်နှင့်ကျေးရွာတချို့အား စစ်ကောင်စီတပ် နေဗီမှ ဧပြီ ၁၄ ရက်နေ့နံနက် ပိုင်းတွင်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနီးနား ကျေးရွာများမှ ဒေသခံများသည် စစ်ဘေးရှောင်နေကြရကြောင်း တစ်ခြား မြုံပြင်ကျေးရွာ ေသခံတစ်ဦးကလည်း နိရဉ္စရာသို့ပြောသည်။

သံတွဲမြို့နဲ့အနီးလေးပါ ရင်ဖုန်းတောင်က ဘားတောင်ကျော်ရင် မြုံပြင် ပြီးလင်းမူးတောင်လေ၊ မနက်ကတည်းက လက်နက်ကြီးနဲ့ပစ်နေတာ ၁၁ လုံးကျော်သွားပြီ ရင်ဖုန်းတောင်က မီးခိုးတွေ ထွက်နေပြီ၊ အနီးအနားရွာတွေက ပြေးကြပြီဟု ပြောသည်။

လက်ရှိတွင် လင်းမူးတောင်၊မြုံပြင်၊ကင်းသီကျွန်း ကျေးရွာများမှဒေသခံတချို့သည် အံ့တော်ကျေးရွာ နှင့် သံတွဲမြို့ ဘုန်းကြီး ကျောင်းများသို့ ရှောင်တိမ်းလာမှုများရှိကြောင်းသိရသည်။

ငပလီပင်လယ်ပြင်နှင့်ဆင်ခေါင်းပင်လယ်ပြင်ရှိ စစ်ကောင်စီနေဗီများသည် နံနက်ပိုင်း ၅ နာရီမှ စတင်ကာ သံတွဲမြို့အနီးကျေးရွာများအား လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်နေပြီး ခြံပြင်ကျေးရွာ နောက်ဖက်ကျောက်ကာတောင်၊ ဆိပ်ကြီးကျေးရွာဝါးနွယ်ပြင်ကျေးရွာ၊ ကင်းမော်ကျေးရွာ တို့ကိုလည်း စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ပျက်စီးမှုများရှိကြောင်း ဒေသခံများကပြောသည်။

လက်နက်ကြီးပစ်ခတ်သံများသည် နေ့လယ် ၁၁ နာရီခွဲအထိ သံတွဲမြို့မှကြားနေရပြီး လူသွား လူလာများနည်းပါးလျက်ရှိကာ စစ်ကောင်စီကားများသည် မြို့တွင်းနှင့်ကျေးရွာများကို ယနေ့ ဧပြီ ၁၄ ရက်နေ့တွင်ဆက်တိုက် ကင်းလှည့်လျက်ရှိကြောင်းသိရသည်။

လက်ရှိသံတွဲမြို့နှင့် ကျေးရွာဆက်လမ်းများတွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်များတိုးချဲ့ထားပြီး ရွေ့လျားဂိတ်များဖြင့် နေစဉ် စစ်ဆေးနေကြောင်းဒေသခံများထံမှသိရသည်။

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် တောင်ကုတ်မှ သံတွဲသို့ သွားသည့် လမ်းပိုင်း အချို့အား ဧပြီ ၁၃ ရက် ညဦးပိုင်းမှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၃ ရက် နံနက်က သံတွဲ-တောင်ကုတ် ကားလမ်းပေါ်ရှိ  ကွေ့ချောင်းနှင့် ရေစင်ကျေးရွာကြားတွင် အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ