တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ် ဒုအကောက်ခွန်မှူးနေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေပြီး ကျပ်ငွေ သိန်း ၆၀ အပါအဝင် ရွှေနှင့် လက်ကိုင်ဖုန်းများအား အတင်းသိမ်းဆည်းယူဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

စိုးစံအောင်၊ နိရဥ္စရာ၊ ဧပြီ ၁၆ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ဒုအကောက်ခွန် မှူး၏ နေအိမ်ကို ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က အတင်းဝင်ရောက်စီးနင်းရှာဖွေပြီး စာရွက်စာတမ်းများအပြင် ကျပ်ငွေ သိန်း ၆၀ နှင့်  ရွှေ ၅ ကျပ်သား အပါအဝင် က်ကိုင်ဖုန်းများကို သိမ်းဆည်းယူသွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်တပ်ဝင်ရောက်စီးနင်းခဲ့သည်မှာ တောင်ကုတ်မြို့နယ်ဒုတိယအကောက်ခွန်မှူး ဦးမြလွင် (၄၀)နှစ်ကျော်၏ နတ်မော်ကျေးရွာမှ နေအိမ်ဖြစ်ကြောင်းသိရသည်။

ယနေ့ဧပြီလ ၁၆ ရက် ၊ မနက် ၉ နာရီအချိန်လောက်က ဗိုလ်မှူးအောင်ကိုဦး ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ ကျော်ခန့်က နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

" နတ်မော်ရွာထဲမှာရှိတဲ့ တောင်ကုတ်မြို့နယ်အခွန်မှူးအိမ်ကို စစ်တပ်ကဝင်ပြီးမွှေသွားတယ်။ စစ်တပ်လာတဲ့အချိန်အခွန်မှူးက အိမ်မှာမရှိဘူး။ သူ့အမျိုးသမီးပဲရှိတယ်။ " ဟု ဒေသခံ တစ်ဦးကပြောသည်။

စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေစဥ်တွင် အခွန်မှူး ဦးမြလွင်မှာနေအိမ်မှာမရှိဘဲ ၄င်း၏ အမျိုးသမီးသာရှိနေခဲ့ရာ နေအိမ်ထဲမှ အခွန်စာရွက်နှင့် ငွေကြေးများ၊ လက်ကိုင်ဖုန်းများကို သိမ်းဆည်းသွားကြောင်း သူကဆက်ပြောသည်။

"အခွန်စာရွက်တွေ၊အခွန်ငွေတွေ၊ ရွှေတွေ လက်ကိုင်ဖုန်းတွေပါအကုန်သိမ်းယူသွားတယ်လို့သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အခွန်မှူးဦမြလွင်နေအိမ်မှ အခွန်ငွေကျပ်သိန်း ၆၀ ၊ ရွှေ ၅ ကျပ်သားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းသွားခြင်းဖြစ်ကြောင်းသိရသည်။

၄င်းအပြင် ဦးမြလွင်၏ ဇနီးဖြစ်သူဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံကိုလည်း အတင်း ဖြုတ်ယူသွားကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဝင်ရောက်စီးနင်းခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရင်းကို မသိရှိရကြောင်း၊ ကာယကံရှင်မှသာ သိနိုင်မည်ဖြစ်ကြောင်း ကျေးရွာသားများက ပြောကြားသည်။

ဆက်စပ် သတင်းများ