အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေအိမ်အပါအဝင် နေအိမ် (၅၀)ခန့် မီးရှို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

နိရဉ္စရာ၊ ဧပြီ ၁၆/ ၂၀၂၄

ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ၏ နေအိမ်နှင့် ရုံးအပါအဝင် ရခိုင်လူမျိုးများ၏ နေအိမ် (၅၀) ခန့် မီးရှို့ခံခဲ့ရသည်။

၎င်းနေအိမ်များကို ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီမှ စစ်သင်တန်းပေးထားသည့် မွတ်ဆလင် အစွန်းရောက်တချို့မှ မီးရှို့ခြင်းဖြစ်ကြောင်း ဦးအောင်သောင်းရွှေက အတည်ပြုပြောကြားသည်။

ဦးအောင်သောင်းရွှေအား အွင်လိုင်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းရာတွင် သူ၏ နေအိမ်နှင့် ရခိုင်အမျိုးသားပိုင် အိမ်ခြေ (၅၀) ခန့် မီးရှို့ခံရခြင်းမှာ ဟုတ်မှန်ကြောင်းပြောကြားသည်။

 သူ၏ လူမှုကွန်ယက်စာမျက်နှာမှလည်း  “ဒေရုံးနဲ့ ဒေအိမ်ကိုမီးတိုက်ပြိုပျက်လားကေလည်း ဒေလုပ်ရပ်တိကတော့ သမိုင်းမှတ်တမ်းတိယာယေ”ဟု ဖော်ပြထားသည်။ ၎င်း၏ အဓိပ္ပါယ်မှာ “ ဒီရုံးနဲ့ ဒီအိမ်ကို မီးရှို့ ပြိုပျက်သွားရင်လည်း ဒီလုပ်ရပ်တွေကတော့ သမိုင်းမှတ်တမ်းတွေပါဘဲ”  ရေးသားထားသည်။



 

(ပုံစာ- မီးမရှို့မီတွေ့ရသည့် ဦးအောင်သောင်းရွှေနေအိမ်)


ဦးအောင်သောင်းရွှေနေအိမ်နှင့်ရုံးသည် ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက် အနောက်ကွင်း မွတ်ဆလင်ကျေးရွာအနီး တည်ရှိပြီး သူ၏ နေအိမ်မှ စတင်ကာ မီးရှို့ခြင်းဖြစ်ပြီး အမှတ်(၅) ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းအနီးထိ နေအိမ်များ အားလုံး မီးထဲပါသွားသည်ဟု ဆိုသည်။

 

ယခုမီးရှို့မှုကို စစ်ကောင်စီက နောက်ကွယ်က ကြိုးကိုင်ပြီး စစ်ကောင်စီကသင်တန်းပေးထားသည့် မွတ်ဆလင် လက်နက်ကိုင် အစွန်းရောက်များမှ မီးရှို့ခြင်းဖြစ်ကြောင်း ရခိုင်ဒေသအခြေစိုက် One Nation News အပါအဝင် တစ်ခြားသတင်းဌာနများကလည်း ရေးသားဖော်ပြကြသည်။   

 

ဦးအောင်သောင်းရွှေသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်တိုင်တိုင် အနိုင်ရရှိထားသူဖြစ်ပြီး စစ်ဘေးအန္တရာယ်ကို စိုးရိမ်၍ စစ်ဘေးရှောင်နေကြစဉ် ယခုလို နေအိမ် မီးရှို့ခံရခြင်းဖြစ်သည်။

 

ဦးအောင်သောင်းရွှေ နေအိမ် မီးရှို့ခံရမှုသည် ဧပြီ ၁၄ ရက်နေ့က AAအလိုမရှိကြောင်း မွတ်ဆလင်များ ဘူးသီးတောင်မြို့ပေါ်တွင် တတိယ အကြိမ်မြောက် ဆန္ဒပြခဲ့ကြသည်။

 

အဆိုပါ မီးရှို့မှုနှင့် ပတ်သက်ပြီး ဒေသခံမွတ်ဆလင် လူကြီးတချို့အား အမြင်သဘောထားကို မေးမြန်းလို၍ ဖုန်းဖြင့်ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ယခု ဘူသီးတောင်တွင် ဖြစ်ပေါ်နေသည့် လုပ်ရပ်မှာ မူဆလင်များအားလုံး ပူးပေါင်းလုပ်ကိုင်နေခြင်း မဟုတ်ကြောင်း၊ သမာသမတ်ရှိသည့်  မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေဖြင့်  အမှန်တရားကိုပြောပြီး  မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု  ယုံကြည်ကြောင်း ပြောဆိုသည်။

“ မူဆလင်တွေအားလုံး စစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။  သမာသမတ်ရှိတဲ့ မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်” ဟု ပြောဆိုထားသည်။

အာရက္ခတပ်တော်အနေဖြင့် အပြစ်မဲ့ပြည်သူများကို လုံးဝအကာအကွယ်ပေးသွားမည်ဖြစ်ပြီး  အပြစ်ရှိသူများကို  စစ်ကာလနှင့်အညီ လိုအပ်ရင် လိုအပ်သလို ပြတ်ပြတ်သားသား တုံ့ပြန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ