အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

အမ်း တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

(စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်)

သဉ္ဇာနွယ်/ နိရဉ္စရာ၊ဧပြီ ၁၇ / ၂၀၂၄

အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့နယ်၊ ကဇုကိုင်းရှိ တောဟိန်းတောင် ဗျူဟာကုန်း တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက ၎င်းစခန်းမကျစေရန်အတွက်  လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

 အမ်းဒေသခံတစ်ဦးက " သင်္ကြန်ကာလအတွင်းမှာ အမ်းမှာတစ်နေ့ထက်တစ်နေ့ပိုပြင်းလာတယ်။ ဒီနေ့ဆိုရင် မနေ့ကထက်ပြင်းတယ်ပြောလို့ရတယ်။ မကွေးဖက်ကလေယာဉ်တွေမကဘူး တံတားဦးဖက်က လေယာဉ်တွေပါ လာရောက်ပစ်ခတ်တာ။ အရင်ကဆို မကွေးတစ်ခုထဲက လာပစ်တာ။ သူတို့ တောဟိန်းတောင်ဗျူဟာကုန်းကျသွားရင် အမ်းမြို့က စစ်ကောင်စီတပ် ကို  အာရက္ခတပ်တော်က အလွယ်တကူ ဝင်ရောက်တိုက်ခိုက်နိုင်မှာ စိုးပြီး စစ်ကောင်စီဖက်က အသည်းအသန် ခုခံကာကွယ်နေတာ" ဟု  နိရဉ္စရာသတင်းဌာန ကိုပြောသည်။

တိုက်ပွဲမှာ ယမန်နေ့ ဧပြီ ၁  ရက် ညနေကတည်းက ပြင်းထန်နေပြီး ယနေ့ ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ရရှိထားပြီဟု သတင်းများထွက်ပေါ်နေကြောင်း အမည်မဖော်လိုသည့် နောက်ထပ် မ်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" မနေ့ကတည်းက တောဟိန်းတောင်ဗျူဟာကုန်းကို တပ်တော်က ပြတ်လုနီးပါးအထိရခဲ့တယ်။ ပြတ်လည်းပြတ်နေပြီလို့ပြောလို့ရတယ်" ဟုပြောသည်။

ယနေ့ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ နေ့လယ် ၂နာရီအထိ အမ်းအခြေစိုက် တပ်ရင်း (၄)ခုမှ လက်နက်ကြီးများဖြင့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် ဒါးလက်ရွာဖက်ကို  ပစ်ခတ်မှုရှိခဲ့သလို  မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တံတားဦးလေတပ်မှလည်း ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်ဟု  ပြောဆိုသည်။

 

ယမန် နေ့ ဧပြီလ ၁၆ ရက်နေ့ တွင်လည်း အမ်းမြို့နယ် ငပြည်ကျေးရွာတွင်လည်း  နံနက် ၁၀ နာရီ ကနေ  စစ်ကောင်စီစစ်‌ကြောင်းနှင့် အာရက္ခတပ်တော်တို့မှာတိုက်ပွဲပြင်းထန်လျက်ရှိပြီး အမ်းအခြေစိုက် ခမရ (၃၇၁)တပ်နှင့် BE တပ်ရင်း‌ ရှေ့က လက်နက်ကြီးတပ်ဆင်ထားသည့် စစ်ကောင်စီ၏ တပ်ရင်းဖက်မှ အမ်းရိုးမဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု အမ်းဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" အမ်း -ပဒါန်းလမ်းပိတ်ပြီးတဲ့‌ နောက်မှာ‌‌ ဆိုရင် စစ်ကောင်စီ ဖက်က စစ်ကြောင်း ထိုးလာတာ တွေအများကြီးရှိတယ်။ ငပြည်ရွာဖက်မှာ အမ်း (နပခ)ကနေပြီး စစ်ကြောင်းထိုးတာတွေရှိတယ်။ အဲ့ဒီစစ်ကြောင်းတွေနဲ့ ဒီနေ့ တိုက်ပွဲဖြစ်နေတယ်။  ပဒါန်းဖက်ကလည်း စစ်ကောင်စီစစ်ကြောင်းထိုး အင်အားဖြည့်တာတွေရှိတယ်။ ဒီနေ့ဆိုရင် တောက်လျှောက် ခမရ(၃၇၁)နဲ့ BE တပ်ရှေ့က လက်နက်ကြီးတပ်ဖက်က လက်နက်ကျည်ပစ်ခတ်တာတွေပြုလုပ်နေတယ် ရပ်လိုက်တန့်လိုက်လက်ရှိ ညနေ နာရီထိ " ဟုပြောသည်။

အမ်းမြို့နယ်၊ရိုးမပေါ်ရှိ ပိန်းရေစမ်းကျေးရွာတွင်လည်း ပြီးခဲ့သည့်   ဧပြီ ၁၅ ရက် နေ့လယ် နာရီခန့်ကနေ ညနေ၁၀နာရီထိတိုက်ပွဲပြင်းထန်ခဲ့သည်ဟု အမ်းမြို့ဒေသခံများက ပြောသည်။

ယင်းအပြင် အမ်းကဇုကိုင်းတောင်တန်းဖက်တွင် ယမန်နေ့ ဧပြီ ၁၅ ရက်‌ နေ့ တစ်ရက်ထဲမှာ စစ်ကောင်စီဖက်မှ ဂျက်ဖိုက်တာများဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တမိုင်ကုန်းတပ်ရင်းမှ လက်နက်ကြီးကျည်များဖြင့် ည‌‌ နေ ၁၀ နာရီအထိ ပစ်ခတ်ခဲ့သဖြင့် စမ်းချောင်းကျေးရွာအနီးသို့ လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အမ်းဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၁) ရက် နေ့ကလည်း အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့‌သည်ဟု အာရက္ခ တပ်တော်မှ သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့တွင် ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

အမ်းမြို့နယ်၊ ကဇုကိုင်းအနီးရှိ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီ ပွိုင့်(၂၅၇) စခန်းကို တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

အမ်းမြို့သည် ပြည်မနှင့် ရခိုင်ကို ဆက်သွယ်ထားသည့် ဝင်ပေါက် ထွက်ပေါက်ရှိရာ မြို့ဖြစ်သည်သာမက စစ်ရေးအရအရေးပါသော မြို့တမြို့ဖြစ်သည်။ အမ်းသည် ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးပြုလုပ်နေသည့် အဓိကအချက်အချာကျသည့် မြို့တမြို့လည်းဖြစ်သည်။


အမ်းမြို့နှင့် နယ်ကျေးရွာများအကြား ကုန်းလမ်းရေလမ်း ဆက်သွယ်ရေးကို စစ်ကောင်စီမှ ပိတ်ဆို့ထားသည့်အတွက် မြို့ပေါ်ဒေသခံများမှာ  စားနပ် ရိက္ခာပြတ်လပ်နေပြီး အကူအညီများ လိုအပ်နေကြောင်း မြို့ပေါ်ဒေသခံများက ပြောသည်။ 

ဆက်စပ် သတင်းများ