အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

BPLA တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 345

(AA အမှတ် (၉၀၉) စစ်ဒေသ စခန်းမှူးတက်ရောက် အမှာစကားပြောကြား)

 လူထက်နိုင်(ဒွာရာမြီ)၊ နိရဉ္စရာ၊ ဧပြီ ၁၇ / ၂၀၂၄

 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို ဧပြီ ၁၇ ရက်နေ့က ကျင်းပခဲ့သည်။

 

၎င်းအခမ်းအနားကို အမှတ်(၁၀၇) စစ်ဒေသတွင် ကျင်းပပြုလုပ်ခဲ့ပြီး  BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေး ရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှူး ကိုဆောင်းခ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောက် မဟာမိတ်ခေါင်းဆောင်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီး ကျော်ဇံ တို့က အားပေးမိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကို တည်ထောင်ခဲ့သည်မှာ ယနေ့ ဧပြီလ(၁၇)ရက်၊ ၂၀၂၄ ခုနှစ်တွင် (၃) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အာရက္ခတပ်တော် အပါဝင် တိုင်းရင်းသား မဟာမိတ်အဖွဲ့များ၏ စစ်ဘက်ဆိုင်ရာ အကူအညီများကို ရယူပြီး စစ်ကောင်စီအား လက်တွဲကာ တိုက်ပွဲနေသည့် တော်လှန်ရေတပ်ဖွဲ့တစ်ခုဖြစ်သည်။

 

နွေဦးတော်လှန်ရေးအရှိန်အဟုန် မြင့်မားလာသည့်နှင့်အမျှ တပ်တော်၏ ရဲဘော်အများစုသည် ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြရသည့်အတွက် ယနေ့အခမ်းအနားသို့ မတက်ရောက်နိုင်ကြဟု သိရသည်။

 

 ၃ နှစ်ပြည့် အခမ်းအနားသို့ BPLA ၏ အပတ်စဥ်(၆) သင်တန်းဆင်း ရဲဘော်များနှင့် အပတ်စဥ်(၇) စုဆောင်းရေး သင်တန်းသားများသာ အဓိက တက်ရောက်နိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ- BPLA

ဆက်စပ် သတင်းများ