အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ စစ်တွေမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်တောက်နေပြီး ဆန်တစ်ပြည် ၁သောင်းအထိပေးဝယ်နေကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

( စားစရာမရှိသူများက စစ်ဘေးရှောင်သွားသူများ၏ နေအိမ်များကို ဖြိုဖျက်ရောင်းချစားသောက်နေကြဟုဆို )

 အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၁၈/ ၂ဝ၂၄

 

စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ စစ်တွေမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်တောက်နေပြီး ဆန်တစ်ပြည်ကို ကျပ်၁ သောင်းအထိ ဈေးကြီးပေး ဝယ်ယူနေရပြီး ငတ်ပြတ်နေသူများပင် ရှိနေကြောင်း သတင်းရရှိသည်။

 

စစ်တွေမြို့သို့ ကုန်းလမ်းခရီးပိတ်ဆို့ခံထားရပြီး ရေကြောင်းလမ်းကို စစ်ကောင်စီတို့၏ ရေယာဉ်တချို့မှလွဲ၍ သွားလာခွင့်မရှိသဖြင့် စားနပ်ရိက္ခာများပြတ်တောက်လာနေပြီး စားစရာမရှိသူများမှာ လူမရှိတော့သည့်နေအိမ်များကို ဖျက်၍ ရောင်းချစားသောက်နေကြရသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာအားပြောသည်။

 

“ ဆန်လေးလုံးကို ငါးထောင်ကျော်ပေးရတယ်။ စားဖို့မရှိတော့ စစ်ဘေးရှောင်သွားကြတဲ့အိမ်တွေကို ဖြိုပြီးရောင်းကြတယ်။ မနေ့ကလည်း အရင်ဆို သိန်းနှစ်ဆယ်၊ သုံးဆယ်တန်မဲ့ သစ်တစ်ပုံ နည်းတာကြီးမဟုတ်ဘူး။ ကားကြီးတစ်စီးလုံးအပြည့်ကို သုံးသိန်းတည်းနဲ့ လာရောင်းသွားတာတွေ့တယ်။ ရပ်ကွက်ထဲက အိမ်တွေအကုန်လုံးကို ဖျက်ရောင်းချစားနေကြတယ်။ အလုပ်မှ မရှိကြတာကို။ စားစရာမရှိတော့ လုပ်နေကြပြီ” ဟုပြောသည်။

 

ရောင်းချကြသည့် သစ်၊ ဝါးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စီးပွားရေးသမားများက ဈေးအနည်းငယ်ဖြင့် ဝယ်ယူကြကြောင်း ၎င်းကဆက်ပြောသည်။

 

“ စီးပွားရေးသမားတွေဝယ်တယ်။ လူတွေကလည်း စားစရာမှမရှိကြတော့တာ။ မိုခါတုန်းကလည်း စားစရာမရှိအောင်ဖြစ်ခဲ့ကြပြီ။ အခုလည်း စားစရာမရှိဖြစ်နေကြပြီ။ စစ်တွေမြို့ပေါ်မှာ ဘယ်သူကမှ လာပြီးကယ်ဆယ်ရေးလုပ်ပေးတာလည်း မရှိပါဘူး။ လုံးဝ စားလို့မရတဲ့ဆန်တောင် လေးလုံးကို သုံးထောင်ကျော်ပေးရတယ်” ဟုပြောသည်။

 

နောက်ထပ် စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးက “ အမေအိုကို ထမင်းတောင်နပ်မှန်အောင်မကျွေးနိုင်တော့ဘူး။ အကုန်ငတ်နေကြပြီ” ဟု ပြောသည်။

 

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့မှာ လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်ဒီဇင်ဘာလမှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ၅ နှစ်ကျော်ကြာမြှင့် လာခဲ့ပြီဖြစ်သည်။

 

အာရက္ခတပ်တော်အနေဖြင့် သိမ်းပိုက်ရရှိထားသည့် မြို့နယ်တချို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနေပြီး စစ်တွေမြို့မှာ စစ်ကောင်စီလွှမ်းမိုးထားသည့် နယ်မြေဖြစ်သဖြင့် လွတ်မြောက်နယ်မြေများသို့ အမြန်ဆုံးထွက်ခွာကြရန် AA က တိုက်တွန်းထားသည်။

 

သို့ရာတွင် လမ်းခရီးအခက်အခဲများကြောင့် စစ်တွေမြို့အတွင်းတွင်လက်လုပ်လက်စား၊ သက်ကြီးရွယ်အို၊အမျိုးသမီးနှင့် ကလေးငယ်အပါအဝင်  လူသောင်းနှင့်ချီ၍ ပိတ်မိနေသေးကြောင်းသိရသည်။

 

စစ်တွေမြို့မှာ လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် အခြေခံလက်လုပ်လက်စားများအနေဖြင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုကြုံတွေ့ခဲ့ကြရကြောင်း ဒေသခံများကပြောသည်။

ဆက်စပ် သတင်းများ