အင်္ဂါ၊ မေလ ၂၈ရက်၊ ၂၀၂၄

"ဝ"ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက်နေ့အခမ်းအနားသို့ အာရက္ခတပ်တော်(AA)ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နှင့် ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်



"ဝ" ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက်နေ့ အခမ်းအနားသို့ အာရက္ခတပ်တော်(AA) ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း "ဝ" ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက နိရဉ္စရာ သတင်းဌာန သို့ပြောသည်။

အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) " ၃၅"နှစ်မြောက် ငြိမ်းချမ်းရေးပွဲတော်နေ့ကို ဧပြီ ၁၇ ရက်က ဌာနချုပ် ပန်ဆန်း ၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် တက်ရောက်ပါတယ်။ တော်လှန်ရေးနေ့က ပုံမှန်ကျင်းပနေကျပါပဲ။ အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်” ဟု ဦးညီရမ်းက ပြောသည်။

အဆိုပါ "ဝ"ပြည်နယ်ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်မြောက်နေ့အား မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့မှလည်း UWSA ထံသို့  ဧပြီ ၁၇ရက်တွင် သဝဏ်လွှာများ ပေးပို့ခဲ့သည်။

"ဝ"ပြည်နယ် ငြိမ်းချမ်းစွာ တည်ထောင်ခြင်း ၃၅ နှစ်မြောက် အထိမ်းအမှတ် အနေဖြင့် ညီအကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၃)ဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ မှ အထူးပင် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပါကြောင်းနှင့် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ၊ အစိုးရနှင့် တပ်မတော်မှ ထိပ်တန်း ကေဒါများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို နွေးထွေးစွာ ဂုဏ်ပြုကြောင်းလည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

၃၅ နှစ်တာ ကာလအတွင်း ဝပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဘက်မလိုက်ဘဲ၊ မည်သည့်ပြည်တွင်းစစ်တွင်မျှ မပါဝင်ခဲ့ဘဲ ကြားနေသဘောထားကို အမြဲထိန်းသိမ်းထားခဲ့ကြောင်း၊ ထိုသို့ မဟာဗျူဟာအမြင်ကြောင့် ဝပြည်နယ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဖိုးတန် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း၊ ၀ တိုင်းရင်းသားခေါင်းဆောင်များ၏  ဦးဆောင်မှုအောက်တွင် "ဝ" ပြည်တပ်မတော်နှင့် အရပ်သားတို့သည် တစည်းတလုံးတည်း စည်းလုံးညီညွတ်ကြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအား ထုတ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

အနာဂတ်ကို ကြည့်လိုက်လျှင် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၏ မှန်ကန်သော ဦးဆောင်မှုဖြင့် ဝပြည်တပ်မတော်နှင့် အရပ်သားအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဝပြည်နယ်သည် ပိုမိုတောက်ပသော အောင်မြင်မှုများကို ဆက်လက်ရရှိရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်ဟု ဆိုထားသည်။

ဝ” ပြည်နယ်နှင့် ကူးလူးဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ပူးတွဲမြှင့်တင်ရန် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

ဓာတ်ပုံ-Ei Kap Htai

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!