အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ရခိုင်တွင် တိုက်ပွဲများစတင်ဖြစ်ပွားပြီး ၆ လအတွင်း ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရပြီး ရိက္ခာ၊ ဆေးဝါး ပြတ်လပ်မှုများနှင့်အတူ အငတ်ဘေးကျရောက်မည့် အခြေအနေ ဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 286

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး ခြောက်လတာအတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများကြုံတွေ့နေရပြီး စစ်ဘေးရှောင်များနှင့် မြို့နယ်တချို့တွင် ပိတ်မိကျန်နေခဲ့သူများမှာ ငတ်မွတ်ခေါင်းပါးမှုနှင့်ကြုံတွေ့နေကြရကြောင်းသိရသည်။

တကျော့ပြန်တိုက်ပွဲများပြန်လည်စတင်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီသည် ရခိုင်တစ်ပြည်လုံးရှိ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့လိုက်ပြီး နေအိမ်စွန့်ခွာထွက်ပြေးသူများနှင့် ပိတ်မိကျန်ခဲ့သူများမှာ အခက်အခဲပေါင်းစုံကြုံတွေ့နေကြရသည်ဟု ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အချက်အလက်များအရသိရသည်။

လက်ရှိတွင် အခြေခံ မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အတွက် ဟင်းချက်ရာ၌ မပါရုံတမယ်ထည့်ပြီး ချက်ပြုတ်စားသောက်နေရသည်ဟု စစ်ဘေးရှောင်များက နိရဉ္စရာအားပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့ခံ ဒေါ်အနုချေက “အရင်တုန်းကလို ဝယ်ပြီးတော့ မစားသောက်နိုင်တော့ပါဘူး။ ဝယ်စားရတာကလည်း အရမ်းအခက်အခဲဖြစ်နေပါတယ်။ ကြက်သွန်ဖြူ သုံးလုံးကို ၂,၀၀၀ ပေးရတယ်။ ကြက်သွန်နီဆိုလည်း နည်းနည်းပဲ ဝယ်စားရတယ်။ တစ်နပ်မှာ တစ်ခြမ်းလေးလောက်ပဲ စားနိုင်တယ်။ တစ်လုံးလုံး ထည့်မစားနိုင်ပါဘူး။ ဆီဆိုလည်း ဒီလိုပါပဲ ၅ ကျပ်သားစားနိုင်တဲ့ နေရာမှာ ၂ ကျပ်ခွဲလောက်ပဲ စားနိုင်တယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ဘေးရှောင်ဦးရေများတိုးလာကာ စစ်ဘေးရှောင်များနှင့် လက်လုပ်လက်စားပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုများကြောင့် ဆန်ပြုတ်ကြိုသောက်နေရသည့် ကျေးရွာများလည်း ရှိနေကြောင်း ကျောက်ဖြူမှ စစ်ဘေးရှောင်အရေး ကူညီနေသူ တစ်ဦးက ပြောသည်။

အစားအသောက်တွေကတော့ အငတ်ငတ် အပြတ်ပြတ်နဲ့ ဆန်ပြုတ်သောက်ကြရတာတွေ ရှိကြပါတယ်။ တချို့နယ်ဘက်တွေမှာဆို ငတ်နေကြပြီ။ စစ်ဘေးရှောင်တွေနဲ့ ဆင်းရဲသားတွေလည်း စားရသောက်ရ၊ နေရထိုင်ရတာတွေ အရမ်းဒုက္ခဖြစ်နေကြတယ်” ဟုပြောသည်။

၎င်းအပြင် ရခိုင်မြို့နယ်အများအပြားရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဆေးဝါးများပြတ်တောက်နေပြီး ဆရာဝန်၊ သူနာပြုများမရှိကြတော့သည့် အခြေအနေရှိနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေကြောင်းဒေသခံများကဆိုသည်။

ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ ကလေးနေမကောင်းဖြစ်လို့ ဆေးရှာမရဘူး။ ပေါက်တောမှာက မြို့ပြိုသွားကတည်းက ဆေးဝန်ထမ်းတွေ မရှိတော့ဘူး။ စစ်ဘေးရှောင်နေတဲ့နေရာမှာ ဆေးခန်းလည်းမရှိတော့အခက်အခဲရှိပါတယ်” ဟုပြောသည်။

၎င်းအပြင် နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများမှာ အိုးအိမ်စွန့်ခွာလာရသည့်အပြင် စစ်ဘေးရှောင်ရာအရပ်တွင်လည်း လုပ်ကိုင်စားသောက်၍ မရသည့်အတွက် ပိုပြီး အခက်အခဲဖြစ်နေကြရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။

လက်ရှိ မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်နေသူ အမျိုးသမီး တစ်ဦးက “စစ်ဘေးရှောင်လာတယ်ဆိုတော့ သူများအိမ်မှာနေရတယ်။ စားဝတ်နေရေးက အစ အခက်အခဲရှိတယ်။ အဓိကက ငွေရေးကြေးရေးပေါ့။ ကိုယ့်နေရာမှာတုန်းက အလုပ်လုပ်တယ်။ အခုက ကိုယ့်နယ်မြေလည်း မဟုတ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ဝယ်ရခြမ်းရတာက ဘယ်လိုရှိလဲဆိုတော့ ကြက်သွန် တစ်လုံး စားမယ့်နေရာမှာ တစ်ခြမ်းပဲ စားချင်လည်း စားရတယ်။ ချွေတာပြီးတော့ စားရတယ်” ဟုဆိုသည်။


စစ်တွေမြို့တွင်လည်း ကုန်ဈေးနှုန်းများ မြှင့်တက်နေ၍ လက်လုပ်လက်စား ပြည်သူများမှာ အလုပ်အကိုင်ရှားပါးခြင်းများကြောင့် ထမင်းနပ်မမှန်သည့်နေ့များလည်းရှိသည်ဟု စစ်တွေမြို့မှ ပန်းရန်လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အရင်တုန်းက အလုပ်လုပ်ရတော့ စားရသောက်ရ အဆင်ပြေတယ်။ အခု စစ်တွေမှာ လူတွေလည်း နည်းလာပြီ။ ဆောက်လုပ်ရေး အလုပ်တွေလည်း ရပ်ထားတယ်။ ထမင်းငတ်တဲ့သူတွေတောင် ငတ်နေပြီ။ အခု ကျနော်မှာ အလုပ်မရှိတော့ ဆွေမျိုးတွေဆီက တောင်းစားနေရတယ်” ဟုပြောသည်။

ပြည်မဘက်နှင့် နီးကပ်စွာတည်ရှိတည့် အမ်းမြို့တွင် ဆိုလျှင်လည်း ဆန်ပြတ်လပ်နေသည့်အတွက် ဆန် တစ်ပြည်ကို တစ်သောင်းနှင့်ပင် ဝယ်မရဖြစ်နေသည်ဟု အမ်းမြို့မှ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးက မကြာသေးမီက နိရဉ္စရာကို ပြောဆိုထားသည်။

အရင်တုန်းက ဆန်တစ်ပြည်ကို ၄,၀၀၀၊ အခု ၁၀,၀၀၀။ တစ်အိတ်ကို ၂၀၀,၀၀၀ ကျော်။ ဆန်တွေကလည်း အခု ရောင်းတဲ့ဆိုင်တွေတောင်မရှိတော့ဘူး။ ဆန်ကားဝင်လာမှ ရောင်းလို့ရကြတာ။ အခု တော်တော်လေးကို ဒုက္ခရောက်နေပြီ။ မိသားစုကလည်းများတော့ ပိုဆိုးတယ်” ဟုပြောသည်။

လက်ရှိအမ်းမြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး အမ်းမြို့အဝင်အထွက် လမ်းများကို စစ်ကောင်စီက ပိတ်ပင်ထား၍ ဆန်ပြတ်လပ်နေရခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။

စစ်ကောင်စီအစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့ဆေးရုံကြီးတွင်လည်း ဆေးဝါးများမလုံလောက်သည့်အပြင် ယခင်က ဆရာဝန်၊ သူနာပြု ၃ဝဝ ကျော်ရှိခဲ့ရာမှ လက်ရှိတွင် အယောက် ၄ဝ ခန့်သာကျန်ရှိတော့သဖြင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

၎င်းအပြင် လွန်ခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်ရှိ နယ်စည်းမခြားဆရာဝန်များအသင်းရုံး(MSF) အပါအဝင် နေအိမ်၊ အဆောက်အအုံ အနည်းဆုံး ၅ဝ ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် ဆေးဝါးနှင့် အထောက်အကူပစ္စည်းများပျက်စီးသွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်တစ်ပြည်လုံးတွင် စစ်ဘေးရှောင်ဦးရေ ၃ သိန်းကျော်အထိ တိုးလာနေပြီး ထိုသူများနှင့် လက်လုပ်လက်စားပြည်သူများမှာ ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်းနှင့် အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် အများမကြာခင်တွင် အငတ်ဘေးနှင့် ကြုံတွေ့လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။

 

ဆက်စပ် သတင်းများ