ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ရခိုင်ပြည်နယ်၌ မုတ်သုန်ကြိုမိုးများ ရွာသွန်းပြီး မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်နိုင်သဖြင့် အမိုးအကာမဲ့ နေထိုင်နေကြရသော စစ်ဘေးရှောင်များ စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 289

ရခိုင်ပြည်နယ်တွင် လာမည့် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များ၌ မုတ်သုန်ကြိုမိုးများ ရွာသွန်းပြီး မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း နှင့် လေပြင်းများ တိုက်ခတ်နိုင်သည်ဟု မိုးလေဝသဌာနက သတိပေးထားသဖြင့် စစ်ဘေးရှောင်များနှင့် မိုခါကြောင့် အမိုးအကာမဲ့ခဲ့ကြသူများမှာ စိုးရိမ်နေကြရကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက "မိုးရွာမယ်ဆိုတော့ မိုးခိုဖို့အမိုးအကာတွေလိုအပ်တယ်။ ကျွန်မတို့က ဒီနွေရာသီတစ်ခုလုံးကို အမိုးအကာမရှိဘဲ ဟင်းလင်းပြင်ကြီးအောက်မှာ ဖြစ်သလိုနေလာကြတာ။ အခုကမိုးရွာမယ်ဆိုတော့ နေထိုင်ဖို့ အဆင်မပြေဘူး။ မိုးခိုဖို့အမိုးအကာတွေလိုအပ်နေပါတယ်" ဟု ပြောသည်။

 


ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မုတ်သုန်အကြိုမိုး ရွာသွန်းနိုင်ပြီး မိုးရွာသွန်းခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးတိမ်တောင်ဖြစ်ထွန်းခြင်း၊ အားကောင်းသောဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ရန်လိုအပ်ကြောင်း ဧပြီလ ၁၅ ရက်က စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အကြံပြုထုတ်ပြန်ထားသည်။

 

စစ်ဘေးရှောင်တချို့မှာ စစ်ဘေးရှောင်စခန်းများတွင်သာမက နီးစပ်ရာဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများ၊ နေရာလွတ်များတွင် တဲထိုးနေထိုင်သူများ နှင့် လမ်းဘေးဝဲယာများတွင် အမိုးအကာမရှိနေထိုင်နေကြသူတချို့လည်း ရှိနေသဖြင့် မိုးရွာလာပါက စားသောက်နေထိုင်ရေးအခက်အခဲနှင့် ရင်ဆိုင်ရမည့်အရေး ပူပန်နေကြကြောင်း ရခိုင်လူမှုရေးလှုပ်ရှားသူများက ပြောသည်။



 စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက "သင်္ကြန်ပြီးပြီဆိုတော့ မိုးရာသီဘက်နီးကပ်လာပြီ။ စစ်ဘေးရှောင်တွေက အခုထိအမိုးအကာအောက်ကိုမရောက်နိုင်ကြသေးဘူး။ စစ်ဘေးရှောင်တွေက နေရေးထိုင်ရေးအရမ်းအခက်အခဲဖြစ်နေကြတယ်။ နွေရာသီနေပူပြင်းကြီးအောက်မှာ နေလို့ရပေမဲ့ မိုးရွာလာတော့ နေရေးထိုင်ရေးနဲ့ ချက်ပြုတ်စားသောက်ဖို့အတွက်ပါ အခက်အခဲရှိတယ်။ သူတို့အတွက် အမိုးအကာတွေဖြစ်တဲ့တာပေါ်လင်စတွေ အရေးတကြီးလိုအပ်နေပါတယ်" ဟု ပြောသည်။

 

ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင်း နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူစသည့် မြို့နယ်များမှာ စစ်ဘေးရှောင် သုံးသိန်းကျော်အထိ ရှိနေကြောင်း အာရက္ခတပ်တော်(AA) က ထုတ်ပြန်ချက်အရသိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!