ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမ်းနှင့် မောင်တောရှိ စစ်စခန်းများကျလုနီးပါးဖြစ်နေ၍ စစ်ကောင်စီကလေယာဉ်များအသုံးပြုပြီး အပြင်းအထန် ခုခံကာကွယ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

နောင်မင်းသူနှင့် ကြိုင်လင်းဟိန်း/  နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၄

အာရက္ခတပ်တော်( AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အမ်းမြို့နယ် တောဟိန်းတောင်ဗျူဟာနှင့် မောင်တောမြို့နယ် ၆ မိုင် နယ်ခြားစောင့်စခန်းများမှာ AA လက်ထဲ ကျလုနီးပါး အခြေအနေသို့ ရောက်ရှိနေသဖြင့် စစ်ကောင်စီမှ လေယာဉ်များအသုံးပြုကာ  အပြင်းအထန် ခုခံကာကွယ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များ အရ သိရသည်။

သင်္ကြန်ကာလအတွင်းကစပြီး တောဟိန်းတောင်ဗျူဟာကုန်းအား AA၏ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ  ပိုမိုပြင်းထန်လာနေပြီး  စစ်ကောင်စီကလည်း ကြေး၊ ရေ၊ လေ ပူးပေါင်းကာ အသည်းအသန် ခုခံနေကြသည်ဟု အမ်းမြို့ခံ တစ်ယောက်က ပြောသည်။

" တောဟိန်းတောင် ဗျူဟာကုန်းကိုတော့ အာရက္ခတပ်တော်က အပြင်းအထန် တိုက်ခိုက် ချေမှုန်းနေတယ်။ စခန်းကို သိမ်းပိုက်ဖို့အတွက် နီးစပ်နေပြီလို့တော့ သိရတယ်။ ကျလုနီးပါး ဖြစ်နေပြီလို့လည်း သိရတယ်။  မနေ့ကဆိုရင် ဂျက်ဖိုက်တာတွေ လာပြီးတော့ အကြီးအကျယ် ဗုံးကြဲတယ်။ ဗုံးအကြီးအကျယ်ကြဲရင် စခန်းကျဖို့ သေချာသလောက် ဖြစ်သွားပြီ”ဟု ပြောကြားသည်။

တောဟိန်းတောင် ဗျူဟာကုန်းတိုက်ပွဲအတွင်း အမ်းမှာ‌ရှိတဲ့ တပ်ရင်းများကလည်း အတွဲလိုက် ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်နေကြောင်း၊ လေကြောင်းနှင့် ရေကြောင်းကလည်း တောဟိန်းတောင် မကျရေးအတွက်  စစ်ကောင်စီက အသည်းအသန် ခုခံကာကွယ်လျက်ရှိကြောင်း ပြောကြားသည်။

“ အာရက္ခတပ်တော်အပါအဝင် မဟာမိတ်တပ်တွေကလည်း  အမ်း-ပဒါန်း ကားလမ်းတလျှောက်ကို ပိတ်ဆို့ထားလိုက်ပြီဖြစ်တဲ့အတွက် တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရင်  အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းလည်း  အလွယ်တကူ အေအေလက်ထဲ ကျသွားနိုင်တာကြောင့်  အသည်းအသန် ခုခံကာကွယ်တိုက်ခိုက်နေတာလို့ သိရပါတယ်” ဟု ၎င်းက ပြောဆိုသည်။ 

အမ်းမြို့နယ် ဒါးလက်ချောင်းဖက်တွင်ရှိသော စစ်ကောင်စီစခန်းတချို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသည်များရှိသလို တချို့စခန်းများကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားသည်များလည်း ရှိကြသည်ဟု ၎င်းက ပြောသည်။

အလားတူ မောင်တော ၆ မိုင်၌ ဧပြီလ ၁၈ ရက် ယနေ့ နံနက် ၈ နာရီမှစပြီး အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်နေကြပြီး ၄ မိုင်နယ်ခြားစောင့်တပ်ဖွဲ(ခွဲ) နခခ(၂) အနီးသို့ တိုက်ပွဲနီးကပ်လာတဲ့အတွက် စစ်ကောင်စီမှဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲချခဲ့ကြောင်း ထိုဒေသခံများထံမှသိရသည်။

ဒေသခံတစ်ဦးက  " မနေ့ တိုက်ပွဲ ၆ မိုင်ကနေ မောင်တော ၅ မိုင်ကျော်အထိကျယ်ပြန့်လာပြီး ၄ မိုင် နခခ (၂)အနီးအထိ တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အတွက် နေ့လယ် ၂ နာရီကျော်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးလာကြဲသွားတယ်ဗျ။ အဓိကကြဲတာက ၆ မိုင် နဲ့ ၅ မိုင်းကို အဓိကထားကြဲသွားတာ "ဟု ပြောကြားသည်။

မောင်တော-ဘူးတောင်လမ်း ၆ မိုင်၌ ဧပြီလ ၁၈ ရက် ယနေ့ နံနက် ၈ နာရီမှစပြီး အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနေသည်။

ဧပြီလ ၁၇ ရက် နံနက် ၉နာရီ အချိန်က ၄ မိုင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ) နခခ (၂)အား အာရက္ခ တပ်တော်မှ ဒရုန်းဖြင့် ဗုံး ၇ လုံးကြဲချနိုင်ခဲ့သလို မြို့ သူကြီး နခခ(၅)အားလည်း ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သို့သော် ထိခိုက်ဒဏ်ရာရရှိမူများ မရှိခဲ့ကြောင်း ထိုနယ်ခြားစောင့် စခန်းများ၏ အသိုင်းအဝန်းများထံမှ သိရှိရသည်။

၁၆ မိုင်အကွာအဝေးရှိသည့် ဘူးသီးတောင်- မောင်တောလမ်းအား အာရက္ခတပ်တော်မှ ထိန်းချုပ်ရန် ကြိုးစားလာနေပြီး စစ်ကောင်စီတပ်ကလည်ထိုလမ်းအားမကျဆုံးနိုင်ဖို့ နည်းမျိုးစုံဖြင့် ခုခံ တိုက်ခိုက်လျှက် ရှိနေသည်။

ဆက်စပ် သတင်းများ