ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်ဘေးရှောင်နေစဉ် ဘူးသီးတောင်တမြို့လုံးနီးပါးရှိ ရခိုင်အိမ်များမီးရှို့ခံရ၍ အထူးစိတ်ထိခိုက်ရကြောင်း အိမ်ပိုင်ရှင်များပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

သဉ္ဇာနွယ်နိရဉ္စရာ၊ဧပြီ ၁၉/ ၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ စစ်ဘေးရှောင်နေကြစဉ် တမြို့လုံးနီးပါးရှိ  ရခိုင်နေအိမ်များကို စစ်ကောင်စီတပ်နှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များ၊ သင်တန်းဆင်းပြီးစ လက်နက်ကိုင်မွတ်ဆလင်များမှ ဖြိုဖျက်ခြင်း၊ မီးရှိုခြင်းများ ပြုလုပ်နေ အထူးစိတ်မကောင်းကြောင်း နေအိမ်ပိုင်ရှင်များက နိရဉ္စရာသို့ ပြောကြားသည်။

ဘူးသီးတောင်မြို့ကို ဧပြီလ ၁၄ ရက်မှစ၍ စစ်ကောင်စီတပ်၊ ARSAနှင့် စစ်သင်တန်းဆင်းပြီးစ  မွတ်ဆလင်များအပါအဝင် စစ်ကောင်စီကိုလိုလားသည့် မွတ်ဆလင် တစ်စုက လူနေအိမ်များကိ မီးရှို့ခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်ဟု  ဘူးသီးတောင်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" ကျနော်တို့တမိသားစုလုံးရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတယ် ဆိုင်ခန်းတွေ မီးမရှို့ခင်တုန်းက အရင် ဖောင်ထွင်းခံရတယ်။ ပြီးတော့ အခုမီးရှို့ခံရတာတွေက ရခိုင်ပိုင်ဆိုင်မှုရှိတဲ့ နေရာတွေ၊ အိမ် တွေအများစုပါ။ သူတို့ မွတ်ဆလင် ပိုင်ဆိုင်မှုများတဲ့ ဈေးတို့ဘာတို့ဆိုရင် ဘာမှမလုပ်ဘူး။  ကျနော်တို့ ပြောစရာစကားလုံးမရှိအောင် ခံပြင်းမိတယ်။ စိတ်လည်းတကယ်မကောင်းဘူး " ဟုပြောသည်။



ယခုကဲ့သို့ စစ်ဘေးရှောင်နေကြစဉ် နေအိမ်များမီးရှို့ဖျက်ဆီးခြင်းများကို ကြုံတွေ့ရသည့် အတွက် များစွာစိတ်မကောင်းဖြစ်မိပြီး တရားမျှတမှုကို ပြန်လိုချင်ကြောင်း ဘူးသီးတောင်မြို့ခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" စစ်ဘေးရှောင်လို့ အိုးအိမ်စွန့်ခွာပြီးလာကြရတယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာ မတရားမီးရှို့ ဖျက်ဆီးတာတွေ ကြုံနေရတယ်။ ကျမ မထင်ထားဘူး  ဒီလိုလုပ်ရပ်ကြလိမ့်မယ်လို့ စစ်တပ်ကို လူတိုင်းက မုန်းနေတဲ့ အချိန်မှာ စစ်တပ်ပေါင်းပြီး ဒီလို ပြန်လုပ်မယ်လို့ မထင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကိုတရားမျှတမှုရှိအောင် သက်ဆိုင်ရာတွေက လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ် " ဟုပြောသည်။

ဧပြီလ ၁၄ရက်နေ့က ဘူးသီးတောင်မြို့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေ၏ နေအိမ်နှင့် ရုံးအပါအဝင် ရခိုင်လူမျိုးများ၏ နေအိမ် (၅၀) ခန့်ကို စစ်ကောင်စီမှ စစ်သင်တန်းပေးထားသည့် မွတ်ဆလင် အစွန်းရောက်တချို့မှ မီးရှို့ခဲ့ကြောင်းမြို့ခံများကပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ယခုလ ၁၅ ရက်နေ့က  နယ်စည်းမခြားဆရာဝန်များအသင်း(MSF) ၏ ရုံးခန်းနှင့် ဆေးသိုလှောင်ရုံများအပါအဝင်  အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံထားရကြောင်း MSF က ထုတ်ပြန်ကြေညာသည်။


စစ်ကောင်စီအုပ်ချုပ်ရေးရှိနေသေးသည့်  ရခိုင်ဘူးသီးတောင်မြို့ပေါ်တွင် သတ်ဖြတ်ခံထားသည့် အသက် ၃၀ အရွယ် လူငယ်နှစ်ဦး၏ အလောင်းများကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက တွေရှိခဲ့ကြပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီနှင့် အစွန်းရောက် မွတ်ဆလင်များက ဖန်တီးနေသည်ဟု ဒေသခံများက ပြောကြားသည်။

ယင်းအပြင် ဘူးသီးတောင်ဒေသတွင် အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများက ဟိန္ဒူဘာသာဝင် ၁၆၀၀ ကျော် နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ကျော်တို့ကို ဓါးစာခံများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အိန္ဒိယ အိတ်စ်ပရက်သတင်းဌာနက ဖော်ပြထားသည်။

လက်ရှိတွင် မွတ်ဆလင်အများစုပိုင်ဆိုင်သည့် ဘူးသီးတောင်မြို့မဈေးနှင့် မွတ်ဆလင်ရပ်ကွက်က နေအိမ်များသာ  ကျန်ရှိတော့ပြီး ရခိုင်အိမ်ရာနှင့် ချီပြီး မီးရှို့ခံထားရသည်ဟု မြို့ခံများကပြောသည်။

Photo- Shwe Pyae Nyo 

ဆက်စပ် သတင်းများ