ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမ်းမြို့ပတ်ပတ်လည်နှင့် တောင်တန်းများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများထောင်ပြီး ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 529

ရခိုင်ပြည်၊ အမ်းမြို့ပတ်ပတ်လည်နှင့် တောင်တန်းများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားပြီး ကင်းပုန်းဝပ်မှုပြုလုပ်နေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ ဇာဒီမော်ကျေးရွာအနီးရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး အနီးပတ်ဝန်းကျင်နှင့် အမ်း မြို့ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်လျက်ရှိသည်ဟု အမ်းဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

အမ်းမြို့ပတ်ပတ်လည်ကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်းမှာ တောက်လျှောက် မြေမြှုပ်မိုင်းတွေထောင်နေတယ်။ ပြီးတော့ မနေ့ကသိရတာက ဇာဒီမော်ကျေးရွာက မီးပေးတဲ့စက်ရုံရှေ့က တောင်တန်းတွေကိုလည်း စစ်ကောင်စီက မြေမြှုပ်မိုင်းတွေထောင်နေပါတယ်ဟုပြောသည်။

ယင်းအပြင် အမ်းမြို့ အမှတ်(၃) ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး၊ ခမရ (၃၇၃) တပ် အနီးအနားတို့တွင် ယခုရက်ပိုင်းအတွင်း  စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ် ဆောင်ရွက်နေခြင်းများ ရှိနေသည်ဟု အမ်းမြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကို‌ပြောသည်။

အခုရက်ပိုင်း မြို့အနီးမှာ တိုက်ပွဲသိပ်မရှိပေမဲ့ စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားတာနဲ့ ကင်းပုန်းဝပ်တာတွေ တောက်လျှောက်လုပ်နေတာရှိတယ်” ဟုပြောသည်။

စစ်ကောင်စီမှ မြို့ပတ်ပတ်လည်တွင် မိုင်းထောင်ခြင်းဖြင့် အာရက္ခတပ်တော်ကို အကာအကွယ်ယူထားပြီး မြို့ခံနှင့် ဒေသခံပြည်သူများကို ထိခိုက်စေလိုသည့်အတွက် ရည်ရွယ်ချက်ရှိရှိ  မိုင်းထောင်ထားခြင်းဖြစ်သည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။

မြို့ပတ်ပတ်လည်မှာထောင်တာကလည်း အာရက္ခတပ်တော်ကို တစ်ဖက်က မိုင်းထောင်ပြီး သူတို့အတွက် အကာအကွယ်ယူတာပါ။ နောက်တစ်ခုက မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာခဲ့ရင်ကျမတို့  မြို့ခံတွေက ထွက်‌ပေါက်ရှာရင် ရတဲ့ထွက်ပေါက်က ထွက်ကြရမှာလေ။ အဲ့ဒီအခါ မြေမြှုပ်မိုင်းတွေနင်းပြီး အသက်အန္တရာယ်ထိခိုက်အောင်လုပ်နေတာ။ အခုတောင် မြို့ကလူတွေကို ထွက်ပေါက်မရှိအောင် ပိတ်ထားတာ” ဟုပြောသည်။

ရခိုင်ပြည်ရှိ စစ်တွေ၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ သံတွဲမြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းထောင်ထားပြီး  မိုင်းနင်းမှုကြောင့် အရပ်သား ထိခိုက်မှုများလည်း များပြားလာနေကြောင်းသိရသည်။

မတ်လအတွင်း မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သူ (၁၁) ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူ (၂) ဦးရှိခဲ့ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ