ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် AA က ဖန်တီးနေဟု စစ်‌ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တန်ပြန်စွပ်စွဲလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 475

သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဧပြီ ၁၉/၂၀၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ရခိုင်လူမျိုးများပိုင် နေအိမ်များအား  စစ်ကောင်စီတပ်ဦးဆောင်မှုဖြင့်  စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင် မွတ်ဆလင်များက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုများ ထွက်ပေါ်နေသော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်(AA)ကို လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု တန်ပြန် စွပ်စွဲ ပြောဆိုလိုက်သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက " ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမှတ်(၅) ရပ်ကွက်မှာ ဧပြီ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်။ မီးလောင်ကျွမ်းမှုနဲ့ပက်သက်ပြီးတော့ အကြမ်းဖက် (AA) အဖွဲ့အနေနဲ့လည်း တပ်မတော်က လုပ်ဆောင်တယ်။ ဘူးသီးတောင်မှာနေတဲ့ မွတ်ဆလင်က လုပ်ဆောင်ခဲ့တယ်ဆိုပြီး စွပ်စွဲချက် ထွက်ပေါ်နေတာလည်း သိရပါတယ်။ဒါ့အပြင် အိန္ဒိယရဲ့မီဒီယာတစ်ခုဖြစ်တဲ့ Indian express ဆိုတဲ့ သတင်းဌာနကလည်း ဒါနဲ့ပက်သက်ပြီး ရေးသားနေတာလည်း တွေ့ရတယ်။ ဒါအပြင် အကြမ်းဖက် (AA) ခေါင်းဆောင်  ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း သူ့လည်း လူမှုကွန်ရက် စာမျက်နှာမှာ မြန်မာနိုင်ငံမှာ ဟိန္ဒူဘာသာဝင် (၁၆၀၀)နဲ့ ဗုဒ္ဓဘာသာဝင်(၁၂၀) ကို အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တွေက ဖမ်းဆီးထားတယ်ဆိုပြီး ရေးသားထားတာကိုတွေ့ရတယ်။ ဒီရေးသားချက်တွေသည် ဘူးသီးတောင်၊မောင်တောဒေသမှာ  လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို အထင်အမြင် လွဲအောင် တမင်သက်သက်ယုတ်မာတဲ့ လုပ်ရပ်အဖြစ် လုပ်ကြံ ဖန်တီးရေးသားမှုသာဖြစ်တယ် “ ဟုယမန်‌ နေ့ ဧပြီ ၁၈ ရက်နေ့က MRTV မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

 ယခုလုပ်ရပ်သည်  ဘူးသီးတောင်မြို့နယ်တွင်  လူမျိုးရေးပဋိပက္ခဖြစ်အောင် ရက္ခိုင့်တပ်တော် (AA) က ဖန်တီးနေခြင်းဖြစ်သည်ဟု  စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောဆိုထားသည်။

 

"ဘူးသီးတောင်မြို့နယ်မှာ မွတ်စလင်အများစုနေထိုင်တယ်ဆိုပေမဲ့ ပဋိပက္ခဖြစ်စဉ် အနည်းငယ် ရှိကောင်းရှိလိမ့်မယ်၊ ကြီးကြီးမားမား ဖြစ်ရိုးဖြစ်စဉ် မရှိခဲ့ဘူး၊ ဒီအချိန်ကျမှ AA အနေနဲ့ ဒါကို လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။" ဟုပြောသည်။

 

ARSA နှင့် ARA အကြမ်းဖက်အုပ်စုများသည် ယခုကဲ့သို့ စစ်ပွဲပြင်းထန်နေသည့် အချိန်တွင် စစ်ကောင်စီဆီထံတွင် သင်တန်းတက်ပြီး  စစ်ကောင်စီက တပ်ဆင်ပေးသည့် လက်နက်များ ကိုင်ဆောင်ကာ  စစ်ကောင်စီနှင့် ပူးပေါင်း၍ အာရက္ခတပ်တော် ( AA) ကိုတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ သူ၏ တယ်လီဂရမ် လူမှုစာမျက်တွင် ရေးသားဖော်ပြခဲ့သည်။ 

 

“ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့ကို စစ်သင်တန်းပေး ၊ လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်ကိုင်တွေကို ဘူးသီးတောင် မြို့တွင်းနဲ့ ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်း နေတာတွေရှိပါတယ်” ဟုပြောသည်။



 

၎င်းအပြင် စစ်ကောင်စီနှင့် ပူးပေါင်း၍ တိုက်ခိုက်နေမှုများရှိနေကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

 

“ အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီက တပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျနော်တို့ကို တိုက်ခိုက်နေတာရှိပါတယ်” ဟု  ဦးခိုင်သုခက ပြောသည်။  

 

၎င်းလုပ်ရပ်မှာ အလွန်အန္တရာယ်များပြီး ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်ကို တွေ့ရသည်။

 

မွတ်ဆလင်အရေးလှုပ်ရှားသူ ရိုနေဆန်းလွင်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေအိမ်များကို ဝင်ရောက်ဖျက်စီးနေသည့်သတင်းအား ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ သို့ရာတွင် စစ်ကောင်စီက မွတ်ဆလင်များအား အဓမ္မဖိအားပေးကာ ခိုင်းစေမှုများရှိနေသိကိုကြားသိရကြောင်း ပြောသည်။

 

"စစ်ဝတ်စုံတွေနဲ့ အိမ်တွေကိုဖျက်ဆီးတယ်၊ ဆိုင်တွေကိုဖျက်ဆီးတယ် အဲဒီလိုပုံစံမျိုးတော့ ကြားတယ်။ အဲလိုမျိုးကောလဟာလပုံစံမျိုးကြားတယ်။ တကယ်လို့ ဒီဥစ္စာဖြစ်ခဲ့ရင်လည်း ဒါစစ်တပ်ကနေပြီး သူတို့ကိုသွင်းထားတာလည်း အတင်းအဓမ္မသွင်းထားတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ တကယ့် ရည်ရွယ်ချက်ကလည်း နှစ်ခုပါ။ တစ်ခုကဘာလဲဆိုရင် လူသားဒိုင်းအနေနဲ့သုံးဖို့။ နောက်တစ်ခုက ဒီကွန်မျူနတီနှစ်ခုကြားမှာ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာတက်လာဖို့ပေါ့နော်" ဟုပြောသည်။

 

ထို့အပြင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များမှ မွတ်ဆလင်များအား တစ်အိမ်လျှင် သုံးလေးဦးအထိ အများဆုံးခေါ်ယူကာ စစ်မှုထမ်းခိုင်းခြင်းများပြုလုပ်နေသည်ဟု စစ်တွေမြို့နယ်မှ မွတ်ဆလင်အရေး လှုပ်ရှားနေသူတစ်ဦးက ထပ်ပြောသည်။

 

" စစ်ကောင်စီက ကျွန်တော်တို့ကို ခြိမ်းခြောက်လို့လည်းခေါ်တယ်။ မှတ်ပုံတင်လုပ်ပေးမယ်လို့လည်း ပြောတယ်။ စစ်သင်တန်းမတက်ရင် တစ်ယောက်ငွေငါးသောင်းပေးရမယ်လို့ပြောတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ထွက်ပြေးနေတယ်။ အေအေက ကျွန်တော်တို့ကိုဘာမှလုပ်တာမရှိဘူး။ စစ်ကောင်စီကပဲ လုပ်တာရှိပါတယ်" ဟုပြောသည်။

 

သို့ရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်တွင်လူမျိုးရေး ပဋိပက္ခကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာ အဖွဲ့အစည်းများက မည်သည့်အခါမှစလုပ်ခဲ့ခြင်းမရှိကြောင်းပြောသည်။

 

" လူမျိုးစုဘက်တစ်ဖက်ဖက်က စခဲ့တာရှိတယ်၊ စတင်ခဲ့တဲ့ ပဋိပက္ခတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးနဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရဝန်ထမ်းတွေကပဲ ထိန်းသိမ်းရတာ ဖြစ်တယ်၊ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခဖြစ်ရင် ဘယ်လောက်ထိ ထိန်းသိမ်းရခက်ခဲတယ်ဆိုတာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းပိုင်း အားလုံးသိတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လူမျိုးရေး ပဋိပက္ခကို ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး" ဟု ငြင်းဆိုထားသည်ကို တွေ့ရသည်။

 

စစ်ကောင်စီသည် ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်တွင် ထိလွယ်ရှလွယ်သည့် လူမျိုးစုများကြား သွေးထိုးပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်လုပ်ဆောင်နေပြီး လက်ရှိတွင်လည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် အကြီးအကျယ် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု ရခိုင်နှင့် မွတ်ဆလင် နှစ်ဖက် အသိုင်းအဝိုင်းနှစ်ခုစလုံးက ဒေသခံများက တညီတညွှတ်တည်း ပြောဆိုကြသည်။

ဆက်စပ် သတင်းများ