စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဝမ်းရောဂါဖြစ်၍ စစ်တွေမြို့နယ်တွင် မွတ်ဆလင် ၈၀ နီးပါးသေဆုံးခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 683

(နောက်ထပ်ရာချီ စိုးရိမ်ရသည့် အခြေအနေကို ရင်ဆိုင်နေရ)

 

 ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ ဧပြီ ၁၉ / ၂၀၂၄

 

စစ်တွေမြို့နယ်တွင် ဝမ်းရောဂါဖြစ်ပွားပြီး ယခုရက်သတ္တ (၂) ပတ်အတွင်း မွတ်လဆင်ဦးရေ ၈၀ နီးပါး သေဆုံးခဲ့ပြီး ဝမ်းရောဂါခံစားနေရသည့် နောက်ထပ်ရာချီသော မွတ်ဆလင်များ အခြေအနေမှာလည်း စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားနေသူ တစ်ယောက်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 

သေဆုံးသွားသူများမှာ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် မွတ်ဆလင်ဦးရေ ပိုများသည်ဟု သိရှိရသည်။

 

သေဆုံးသွားသည့် မွတ်ဆလင်အရေအတွက်မှာ အုန်းတောကြီးတောင်စခန်းမှ ၂၇ ယောက်၊ ဆေးသမားကြီးစခန်းမှ ၂၇ ယောက်၊ အုန်းတောချေစခန်းမှ ၃ ယောက်၊ အုန်းတောကြီးမြောက်စခန်းမှ ၈ ယောက်၊ ဓားပိုင်ကျေးရွာမှ ၅ ယောက်၊ သက္ကေပြင်ကျေးရွာမှ ၁ ယောက်၊ ဘာဆာရွာစခန်းမှ ၁ ယောက်၊ ဘာဆာရွာမှ ၂ ယောက်၊ ဘုမေကျေးရွာမှ ၂ ယောက်တို့ ပါဝင်သည်ဟု ၎င်းက ပြောသည်။

 

" သေတာကတော့ အခုနှစ်ပတ်အတွင်းလောက်မှာ သေဆုံးတာပါ။ အများစုကတော့ ကလေးငယ်တွေပါ။ သေဆုံးတာကတော့ စစ်တွေတစ်မြို့နယ်လုံးကပါတယ်။ ဒါပေမဲ့ Camp တွေက များပါတယ်။ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းကတော့ ဆေးဝါးမလုံလောက်တာပါ။ ဆေးတွေက မရှိတော့ဘူး" လို့ ပြောပါသည်။

 

ယခုလိုမျိုး ဝမ်းပျော့‌ဝမ်းလျှောရောဂါဖြင့် မွတ်ဆလင်လူဦးရေအများအပြား သေဆုံးရခြင်းမှ စစ်ကောင်စီမှ ဆေးဝါးသယ်ယူခွင့်များကို ကန့်သတ်ထားသည့်အတွက် ဆေးဝါးများမလုံလောက်ခြင်း၊ ဆေးဝါးကုသပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများအား ကန့်သတ်ထားခြင်း၊ စက်သုံးဆီ စရိတ်ကြီးမား၍ ဆေးရုံဆေးခန်းသို့ အချိန်မီမရောက်ရှိသည့်အတွက် သေဆုံးရခြင်းဖြစ်သည်ဟု သူကဆိုသည်။

 

 သေဆုံးသွားသူအများစုမှာ မွေးကင်းစမှ အသက် ၁၂ အောက် ကလေးငယ်အများစု ပါဝင်သည်ဟု သူကဆက်ပြောသည်။

 

စစ်တွေမြို့နယ်ရှိ မွတ်ဆလင်များမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် သက္ကေပြင်တိုက်နယ်ဆေးရုံ တစ်ခုတည်းကိုသာ အားကိုးနေရပြီး နောက်ထပ်လည်း ‌ဝမ်းရောဂါခံစားနေရသည့်ဦးရေ ၂၀၀ နီးပါးအထိရှိသည်ဟု သူက ဆက်ပြောသည်။

 

" တချို့ဆိုရင် အရမ်းစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ သူတို့က ရောဂါဖြစ်နေကြတယ်။ ဒါပေမဲ့ ဆေးဝါးကုသဖို့အတွက် ဆေးမရှိဘူး။ အဲလိုမျိုး ဆေးဝါးတွေပြတ်လပ်နေတဲ့အတွက် အသက် အန္တရာယ်က စိုးရိမ်ရတယ်" လို့ ပြောသည်။

 

ယခုကဲ့သို့ ဝမ်းရောဂါကြောင့် လူပေါင်း ၈၀ ခန့် သေဆုံးမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျန်းမာရေးဌာနနှင့် ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းတို့အား ဆက်သွယ်မေးမြန်း၍ မရရှိသဖြင့် သေဆုံးသူ အရေအတွက်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုချက်ရယူနိုင်ခြင်းတော့ မရှိသေးပါ။

 

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်‌ပွဲဖြစ်ပွားလာကတည်းက ကုန်လမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားခဲ့သည့်အတွက် ဒေသနေပြည်သူများမှာ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသော အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နေကြရသည်။

ဆက်စပ် သတင်းများ