ခိုင်လူလှ (ရိုးမမြေ)/နိရဉ္စရာ၊ ဧပြီ ၂၀/၂၀၂၄
စစ်အစိုး၇နှင့် အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ဘင်္ဂလာသို့ ထွက်ပြေးတိမ်းရှောင်လာသောမြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများအားဒုတိယအကြိမ် နေရပ်ပြန်ပို့ရေး အစီအစဉ်များကို အစိုး၇ကအပြီးသတ် လုပ်ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး HasanMahmud ကပြောကြားသည်။
၎င်းက “မြန်မာ နယ်ခြားစောင်တပ် BGP ရဲ့ အဖွဲ့ဝင်အများအပြားနဲ့ ဒီမနက် ရောက်ရှိလာသူ မြန်မာစစ်သား တချို့အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခိုလှုံခဲ့ကြပါတယ်။ အခုအချိန်အထိစုစုပေါင်း ၂၈၅ ဦး ကျွန်တော်တို့နိုင်ငံမှာ ခိုလှုံနေကြပါတယ်။လောလောဆယ် မြန်မာအစိုး၇ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်။သူတို့ကို ဧပြီလ ၂၂ရက်နေ့က သင်္ဘောနဲ့ ပြန်ခေါ်ဖို့ ကျနော်တို့ဘက်က ခွင့်ပြု ပေးထားပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သောကြာနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။
သို့သော်လည်း ဧပြီ ၂၂ ရက် သင်္ဘောဖြင့် ပို့ဆောင်ရေးမှာ ပင်လယ်ရေကြောင်းနဲ့ ရာသီဥတု ကောင်းမွန်မှု အခြေအနေပေါ် အလုံးစုံ မူတည်ကြောင်း၊ မြန်မာနိုင်ငံကနေရပ်ပြန်ပို့ဖို့ သဘောတူထားပြီး ရေလမ်းကနေတဆင့် ပြန်ပို့မည်ဖြစ်ကြောင်း Hasan ကဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံမှာသောင်တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို သင်္ဘောနဲ့ ပြန်ခေါ်ယူမည် ဖြစ်ကြောင်း Hasan Mahmud က ပြောဆိုသည်။
“ မြန်မာနိုင်ငံမှာ သောင်တင်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ လည်း မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့တွေ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးတဲ့ သင်္ဘောနဲ့အတူ လိုက်ပါလာမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်ကလည်း ၇ခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်သို့ လက်နက်များနှင့် အတူ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်းလူ ၃၃၀ ဦးကို မြန်မာဘက်သို့ နေရပ်ပြန်ပို့ခဲ့သည်။
အဆိုပါ ပထမအသုတ် ပြန်ပို့ရာတွက် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ၎င်းတို့၏ မိသားစုဝင် လေးဦး၊ တပ်မတော်သားနှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေး အရာရှိ ၁၈ ဦးနှင့် အရပ်သား လေးဦးတို့ ပါဝင်သည်။
လက်ရှိ ဒုတိယအသုတ် ၂၈၅ ဦးနှင့် ဆိုလျှင် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ ၅၈၇ ဦး ရှိနေပြီဟု သိ၇သည်။
Ref: The financial Express