သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

အမ်းတွင် လက်နက်ကြီးကျည်ထိမှန်၍ ချင်းအမျိုးသားသက်ကြီးပိုင်းတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 631

သဥ္ဇာနွယ်/ နိရဉ္စရာ၊ ဧပြီ ၂၀ /၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာတွင် စစ်ကောင်စီ တပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၍ သက်ကြီးပိုင်းအရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 သေဆုံးသူမှာ ကြက်ရေစမ်းကျေးရွာမှ ဦးချောင်း အသက်(၇၀) ကျော်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဒေါ်ပယုံ အသက်(၃၅)နှစ်အရွယ်ခန့်ရှိကြောင်း ဒေသခံများကပြောသည်။

အမ်းမြို့နယ်၊ ကြက်ရေစမ်းကျေးရွာကို ယမန်နေ့ဧပြီ၁၉ ရက်နေ့ နံနက် ၁၁နာရီခန့်ကအမ်းအခြေစိုက် စစ်ကောင်စီ တပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရွာအနီးတွင် ပုန်းခိုနေသည့် နေရာသို့ ကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာ အမျိုးသားမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး အမျိုးသမီးတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ကြက်ရေစမ်းကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ကြက်ရေစမ်းနားမှာ အရင်တုန်းက စစ်ဆေးရေး ဂိတ်လုပ်ခဲ့တယ်။ အဲ့ဒီစစ်ဆေးရေး ဂိတ်ဟောင်းမှာ စစ်သားတွေ အကာအကွယ်ယူခဲ့တဲ့ ဘားကာဗာတစ်ခုရှိခဲ့တယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်လို့ရှိရင် ရွာသားတွေက အဲ့ဒီနေရာမှာ ပုန်းခိုကြတယ်။ မနေ့က လက်နက်ကြီးကျည်တွေ ပစ်နေတာနဲ့ အဲ့ဒီနေရာမှာ သွားပုန်းနေတုန်း လက်နက်ကျည်ကျပြီး အသက်ကြီးတဲ့ အဖိုးတစ်ယောက် သေသွားတယ်။ အမျိုးသမီးကတော့ လက်က အသားတွေ ပဲ့ထွက်ကုန်တယ်” ဟုပြောသည်။

ဒဏ်ရာရရှိသူကို နီးစပ်ရာကျေးလက်ဆေးခန်းတွင် ဆေးကုသမှုပေးနေရပြီး ရွာသူရွာသားများမှာ ပြေးစရာနေရာ မရှိတော့‌သဖြင့် ရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ်နေကြရသည်ဟု ချင်းအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ဒဏ်ရာရတဲ့ အမျိုးသမီးက ဆေးကုသမှုခံယူနေတယ်။ ကြက်ရေစမ်းရွာက တောင်ပေါ်တွေ တောင်ကုန်းတွေမှာ ရှိတဲ့ရွာ တစ်ရွာနဲ့တစ်ရွာ ဝေးကြတော့ တိမ်းရှောင်ဖို့အခက်ခဲဖြစ်နေကြတယ်။ အဲ့ဒီရွာတွေက အမ်း-ပဒါန်း ကားလမ်း ဘေးတွေက ရွာတွေပါ” ဟုပြောသည်။

ယမန်နေ့က ဧပြီ ၁၉ ရက်နေ့အထိ အမ်းမြို့နယ် ကဇုကိုင်းတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် အမ်းအခြေစိုက် ခမရ(၃၇၁)၊ ခမရ (၃၇၂)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်(GE) တပ်နှင့် စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများမှ လူနေကျေးရွာများ ဖက်သို့ လက်နက်ကြီးကျည်များ ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု အမ်းဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ